News

POST TYPE

MANDALAY

ဖားကန့်တွင် နွံကန်ပြိုကျ၍ လူ ၅၀ ကျော်ပျောက်ဆုံးနေ
23-Apr-2019


ပြိုကျခဲ့သည့် နွံကန်ပုံနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရစဉ်

မန္တလေး၊ ဧပြီ ၂၃

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များအနီးရှိ နွံကန်တစ်ခု ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်က ပြိုကျခဲ့၍ ကုမ္ပဏီနှစ်ခုမှ တူးဖော်ရေးလုပ်သား ၅၀ ကျော်ပျောက်ဆုံးနေကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။

" ဒီမြေစာပုံတွေတို့၊ နွံကန်တို့ဆိုတာတွေက စနစ်တကျ မထိန်းသိမ်းလို့ ခုလိုပြိုတာတွေ၊ ပေါက်တာတွေ ဖြစ်နေတာ။ သူတို့က စနစ်တကျ ထိန်းသိမ်းဖို့လိုတာပေါ့ဗျာ။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်းမှာကို ဒီလိုဖြစ်စဉ်တွေကြောင့် လူတစ်ထောင်ကျော် သေဆုံးခဲ့ပါပြီ " ဟု ၎င်းက ဆိုသည်။

အဆိုပါနွံကန်သည် ဖားကန့်မြို့အနောက်ဘက်ရှိ ကျောက်မှော်တစ်ခုအတွင်းရှိ နဂါးကိုးကောင်ကုမ္ပဏီနှင့် မြန်မာသူရကုမ္ပဏီလုပ်ကွက်တို့အတွင်းသို့ စီးဝင်ပြီး တူးဖော်ရေးလုပ်နေသည့် လူများနှင့် ယာဉ်၊ ယန္တရားများကို ဖုံးလွှမ်းသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

နဂါးကိုးကောင်ကုမ္ပဏီမှ ဘတ်ဟိုး ၅ စီးနှင့် ကား ၉ စီး၊ ယင်းယာဉ်များကို မောင်းနှင်ကြီးကြပ်သူ လုပ်သား ၂၆ ဦး၊ မြန်မာသူရကုမ္ပဏီမှ ဘတ်ဟိုး ၁၁ စီး၊ ကား ၁၀ စီး၊ လမ်းဖောက်ယာဉ် ၁၅ စီးနှင့် ယင်းယာဉ်များကို မောင်းနှင်ကြီးကြပ်သူ လုပ်သား ၂၈ တို့ နစ်မြုပ်သွားခဲ့ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

လက်ရှိတွင် နစ်မြုပ်သွားသူများကို ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေသော်လည်း တစ်ဦးတစ်ယောက်ကိုမျှ မတွေ့သေးကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ရှာဖွေနေသူများထံမှ သိရသည်။

M-04

ဓာတ်ပုံ-ဦးနိုင်