News

POST TYPE

MANDALAY

ဇီးအိုကျေးရွာ ရှေးဟောင်း သံချက်ဖိုများမှာ တိုက်ရိုက် သံချက်လုပ်သည့်နည်း အသုံးပြုသည့် သံချက်ဖိုများဖြစ်ဟုဆို
20-Apr-2019

မန္တလေး၊ ဧပြီ ၂၀

ညောင်ဦးမြို့နယ်၊ ဇီးအိုကျေးရွာအနီး ရှေးဟောင်းသံချက်ဖိုများကို သုတေသနပြုလုပ်မှုများအရ တိုက်ရိုက် သံချက်လုပ်သောနည်းကို အသုံးပြုသည့် သံချက်ဖိုများဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ပြင်သစ်နိုင်ငံမှ ပညာရှင်များနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူများ ပါဝင်သည့် ပြင်သစ်- မြန်မာ ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့နယ်၊ ဇီးအိုကျေးရွာအနီး ရှေးဟောင်းသံချက်ဖို တူးဖော်သုတေသနပြုလုပ်ငန်းကို ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ သုတေသနပြုလုပ်ခဲ့ကြောင်း၊ ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည့် သံရိုင်း၊ ဟေမတိုက်၊ လီမိုနိုက်များကို ယင်းဒေသဝန်းကျင်တွင် များပြားစွာတွေ့ရှိခဲ့ရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

သုတေသနလုပ်ငန်းများကို ဇီးအိုကျေးရွာတစ်ဝိုက်ရှိ ဒေသအခေါ် ထနောင်းကုန်း၊ ကိုဖိုးချွန်ဖိုကုန်း၊ သံဖိုကုန်းစသည့် နေရာ ၃ နေရာကို ရွေးချယ်၍ ထနောင်းကုန်းနေရာတွင် စမ်းသပ်ကျင်း ၉ နေရာ၊ သံဖိုကုန်းနေရာတွင် စမ်းသပ်ကျင်း ၅ နေရာ၊ ကိုဖိုးချွန်ဖိုကုန်းနေရာတွင် စမ်းသပ်ကျင်း ၄ နေရာတို့ကို တူးဖော် သုတေသနပြုခဲ့ကြောင်း၊ မြေဇာနမူနာများ ရယူခြင်း၊ သံချော်ခဲ၊ မီးသွေး၊ သံနှင့် ဖိုနံရံမြေဇာခဲများရယူ၍ ချော်ခဲများအတွင်း ဓာတ်ပေါင်းများ ပေါင်းစပ်ပါဝင်မှု Composition တိုင်းတာမှုများ ပြုလုပ်ခြင်းနှင့် သံချက်ဖို၏ ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် သံထုတ်လုပ်မှု နည်းပညာတို့ကို မှတ်တမ်းတင် လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းတူးဖော်သုတေသန တွေ့ရှိချက်နှင့် နမူနာကောက်ယူထားသည့် သံချော်ခဲ၊ မီးသွေးခဲ၊ သံအပိုင်းအစများကို အသေးစိတ် လေ့လာသုတေသနပြု ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တက္ကသိုလ်ဓာတ်ခွဲခန်းရှိ Optical Microscopy and SEM-EDS နှင့် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင် သုတေသနပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

M-05