News

POST TYPE

MANDALAY

မုန်းကိုးတပ်မှ ခေါင်းဆောင်နှစ်ဦး အပါအဝင် အကျဉ်းသား ၁၂၁၁ ဦး လွတ်ငြိမ်းခွင့်ရ
17-Apr-2019


မန္တလေး၊ ဧပြီ ၁၇

နိုင်ငံတော် သမ္မတက ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းတို့မှ အကျဉ်းသူ အကျဉ်းသား ၁၂၁၁ ဦးတို့တွင် နှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျနေကြသည့် မုန်းကိုးကာကွယ်ရေးတပ် (MDA) မှ မရမ်ဂန်းနှင့် အယ်ဇော်လှတို့ပါဝင်လာခဲ့သည်။

“လွတ်တာကတော့ အသက်အရွယ် ပေါင်းစုံပါတယ်။ ငယ်တဲ့သူရော အသက်အရွယ်ကြီးတဲ့သူရောပါပါတယ်။ ငါးဆယ်ရာခိုင်နှုန်းကတော့ မူးယစ်မှုနဲ့ ကျခဲ့တဲ့သူတွေပါတယ်၊ ဒီမှာ နိုင်ငံရေး အကျဉ်းသားမရှိတဲ့အတွက် နိုင်ကျဉ်းတွေ မပါဘူးလို့ပဲ ပြောရမှာပါ”ဟု ဗဟိုအကျဉ်းထောင် (မန္တလေး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောကြားသည်။

မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်ဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ကြေညာထားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူများတွင် ၂၀၀၀ ပြည့်နှစ်ကတည်းက အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် မုန်းကိုး ကာကွယ်ရေးတပ်ခေါင်းဆောင်ပိုင်းမှ မရမ်ဂန်း၊ မြင်းခြံအကျဉ်းထောင်တွင် ကျနေသည့် အယ်ဇော်လှတို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၀ ကျော် ရှိနေပြီဖြစ်သည့် မရမ်ဂန်းကို ဖမ်းဆီးခဲ့စဉ်က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ကျဉ်းအဖြစ် သတ်မှတ်ခံရခြင်းမရှိပေ။

မန္တလေး အိုးဘို အကျဉ်းထောင်မှ အကျဉ်းသား ၃၉၈၊ အကျဉ်းသူ ၃၉ ဦးနှင့် နိုင်ငံခြားသား (တရုတ်) ၂ ဦးတို့ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မြင်းခြံအကျဉ်းထောင်မှ ကျား ၃၂ ဦး၊ မ ၂ ဦး၊ မိတ္ထီလာအကျဉ်းထောင်မှ ကျား ၅၅ ဦး၊ မ ၂ ဦး၊ ရမည်းသင်း အကျဉ်းထောင်မှ ကျား ၈၆ ဦး၊ မ ၇ ဦး၊ ညောင်ဦးအကျဉ်းထောင်မှ ကျား ၁၆ ဦး၊ ထုံးဘို အမှတ် ၁ စခန်းမှ ကျား ၁၀၇ ဦး၊ ထုံးဘို အမှတ် ၂ စခန်းမှ ကျား ၇၃ဦး၊ ထုံးဘို အမျိုးသမီးစခန်းမှ ၇၃ ဦး၊ ဘဲလင်း အမှတ် ၁ စခန်းမှ ကျား ၉၀ ဦး၊ ဘဲလင်း အမှတ် ၂ စခန်းမှကျား ၇၃ ဦး၊ ၂၄ မိုင်စခန်းမှ ကျား ၅၇ ဦး၊ ဘုရားငါးဆူစခန်းမှ ကျား ၉၉ တို့ လွတ်မြောက်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသူ နိုင်ငံသူ/သား ၉၅၃၅ ဦး လွှတ်ပေးခြင်းဖြစ်ပြီး နိုင်ငံခြားသား ၁၆ ဦး ပါဝင်ခဲ့သည်။

M-04