News

POST TYPE

MANDALAY

သတ်မှတ်နှုန်းထားထက် ယာဉ်အပ်နှံခ ပိုမိုကောက်ခံခဲ့သည့် နေရာများကို အရေးယူ
17-Apr-2019


မန္တလေး၊ ဧပြီ ၁၇

သင်္ကြန်ကာလ၌ မန္တလေးမြို့တွင်း တရားမဝင် ယာဉ်ရပ်နားခ ကောက်ခံခဲ့သော နေရာများနှင့် လေလံစည်းကမ်းဖောက်ဖျက်၍ သတ်မှတ်နှုန်းထားထက် ငွေကြေး ပိုမိုကောက်ခံခဲ့သူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

တရားမဝင် ယာဉ်အပ်နှံခ ကောက်ခံသည့်နေရာ ၄၁ နေရာဖမ်းဆီးခဲ့ပြီး လေလံစည်းကမ်းဖောက်ဖျက်၍ သတ်မှတ်ပမာဏထက် ငွေကြေးပိုမိုကောက်ခံခဲ့သည့်နေရာ ၇ ခုကို လိုင်စင်ပိတ်သိမ်း အရေးယူခဲ့သလို အပ်နှံခ ငွေပိုမို တောင်းခံခဲ့သူ ၁၀ ဦးကို အမည်ပျက်စာရင်း၌ ထည့်သွင်းအရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျောဇောအောင်က ပြောကြားသည်။

“မလုပ်ဖို့ အတန်တန် ပြောထားပါတယ်။ သင်္ကြန်ကာလတွင် ငွေပိုမိုကောက်ခံတဲ့ လေလံ ဆိုင်ကယ်စတင်းများ ရှိခဲ့လို့ အရပ်ဝတ်နဲ့ ဌာနက ဝန်ထမ်းတွေ လိုက်လံဖမ်းဆီးခဲ့တယ်။ ဌာနမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ လုပ်ခဲ့ရလို့ လိုအပ်ချက်များရှိခဲ့ရင် တောင်းပန်ပါတယ်။”ဟု ၎င်းကပြောဆိုသည်။

သင်္ကြန်ကာလတွင် လေလံချထားပေးသောနေရာများ၌ ယာဉ်ရပ်နားခ ကောက်ခံရန် သတ်မှတ်ထားသော နှုန်းထားများမှာ စက်ဘီး ၁၀၀ ကျပ်၊ ဆိုက်ကယ် ၂၀၀ ကျပ်၊ ကား ၅၀၀ ကျပ်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီက သိရသည်။

လမ်းလျှောက်သင်္ကြန်သို့ သွားရောက်လည်ပတ်သူများသည် ကျုံးအနီးဝန်းကျင်ရှိ လမ်းများ၌ ဆိုင်ကယ်အပ်နှံခသည် တစ်စီးလျှင် ငွေကျပ် ၁၀၀၀ ကျပ် ပေးဆောင်ခဲ့ရပြီး သတ်မှတ်ထားသော အပ်နှံခထက် ပိုမိုပေးဆောင်ခဲ့ကြရသည်။

သင်္ကြန်ကာလအတွင်း တားမြစ်ပိတ်ပင်ထားသည့် ရေအားပြင်း မီးသတ်ရေပိုက်ခေါင်းနှင့် နော်ဇယ်ခေါင်း မျိုးစုံ (၆၂) ခုကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။ 

M-08