POST TYPE

MANDALAY

ပုဂံဘုရားအဆူ ၄၀ တွင် QR Code Scan Stand များ ထပ်မံထားရှိ
15-Apr-2019

မန္တလေး၊ ဧပြီ ၁၅

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအဆူ ၄၀ တွင် QR Code Scan Stand များ ထပ်မံထားရှိထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

QR Code Scan Stand များကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၊ ထိုင်းနိုင်ငံ National Electronic and Computer Technology Center (NECTEC) နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာန-ခွဲ)တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရှေးဟောင်း စေတီပုထိုးများတွင် သမိုင်းကြောင်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်စေရန်အတွက် QR Code Scan Stand များကို ဘုရား၊ စတီ၊ ပုထိုး အဆူ (၄၀) တွင် တပ်ဆင်ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာန-ခွဲ) ထုတ်ပြန်ချက်များအရ သိရသည်။

ရှေးဟောင်းစေတီ၊ ပုထိုးတစ်ဆူချင်းစီ၏ သမိုင်းကြောင်း Data အချက်အလက်များကို မြန်မာ၊ အင်္ဂလိပ် (၂) ဘာသာဖြင့် ဖော်ပြထားကြောင်း၊ QR Code အား Scan ဖတ်ယူကာ Mobile Phone များဖြင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်မည့်အပြင် အသံစနစ်ဖြင့်လည်း နားဆင်နိုင်မည်ဖြစ်ကြောင်း၊ QR Code Scan Stand များကို မီးမလောင်ကျောင်း၊ မီးငြိမ်းကုန်း၊ နွားပြဂူ၊ မဟာစေတီ၊ မင်္ဂလာစေတီ၊ ဂူပြောက်ငယ် (မြင်းကပါ)၊ ဂူပြောက်ကြီး (မြင်းကပါ)၊ မြစေတီ၊ နန်းဘုရား၊ အပယ်ရတနာ၊ နဂါးရုံ၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိမ်းညက်ညီအမ၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ ရှင်ပင်သာလျောင်း၊ ရွှေဆံတော်၊ လောကထိပ်ပန်၊ ငကျွဲနားတောင်း၊ သံတော်ကြား၊ သရပါဂိတ်၊ အာနန္ဒာအုတ်ကျောင်း၊ ဥပါလိသိမ်၊ အလိုတော်ပြည့်၊ ကျန်စစ်သားဥမင်၊ ရှင်မထီး၊ ဂူပျောက်ကြီး (ဝက်ကြီးအင်း)၊ ဆပဒ (ဘုရားနီ)၊ ကုန်းတော်ကြီး၊ သကျမုနိ၊ ကျောက်ဂူဥမင်၊ နန္ဒမညာဘုရား၊ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ သစ္စာဝတီဘုရား၊ အတွင်းစည်းခုံ၊ ပိဋကတ်တိုက်၊ သပိတ်မှောက်ဘုရား (ပံ့သကူမထေရ်ဘုရား)၊ နတ်လျောင်းကျောင်းနှင့် ဆင်ဖြူရှင်အုတ်ကျောင်းတို့တွင် ဧပြီ ဒုတိယပတ်အတွင်းက စိုက်ထူးထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထုတ်ပြန်ချက်များအရ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုအတွင်းရှိ သဗ္ဗညုဘုရား၊ သကျမုနိဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ပြသာဒ်ကြီးဘုရား၊ နရသီဟပတေ့ဘုရား၊ မဟာဗောဓိဘုရား၊ ဗူးလည်သီးဘုရား၊ ဓမ္မရာဇိကဘုရား၊ သဗ္ဗူလဘုရား၊ စူဠာမဏိဘုရား၊ စေတနာကြီးဘုရား၊ ဓမ္မရံကြီးဘုရား၊ အာနန္ဒာဘုရား၊ ကုန်းတော်ကြီးဘုရား၊ ရွှေဂူကြီးဘုရား၊ ဗူးဘုရား၊ ရှင်အဇ္ဈဂေါဏဘုရားနှင့် မနူဟာဘုရား စသည့် ဘုရားအဆူ ၂၀ တွင် QR Code Scan များကို သြဂုတ်လအတွင်းက ပထမဆုံး စိုက်ထူ တပ်ဆင်ထားပြီးဖြစ်သည်။

M-05