News

POST TYPE

MANDALAY

မန္တလေးတိုင်းအတွင်း ဆည်ရေခွန်ကြွေးကျန် ကျပ်သန်းကိုးထောင်ကျော်ရှိ
08-Apr-2019

မန္တလေး၊ ဧပြီ ၇

မန္တလေးတိုင်းအတွင်းရှိ ဆည်ရေဖြင့် စိုက်ပျိုးသူများထံမှ ၂၀၀၆-ဝ၇(နွေသီးနှံ)မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ အစိုးရသို့ ပေးသွင်းရန်ကျန်သည့် ဆည်ရေခွန်ပမာသည် ကျပ်သန်း ၉၁၅၄ ကျော်ရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ယင်းဆည်ရေခွန်ကြွေးကျန်များသည် ယခင်အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှုအလွဲများကြောင့်ဖြစ်ပြီး ယခုအစိုးရလက်ထက်အတွင်း ဖြေလျှော့ပေးရန် အစီအစဉ်မရှိကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောကြားသည်။ 

ယခင်က ဆည်ရေခွန်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကောက်ခံခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှစတင်တာဝန်ယူကောက်ခံခဲ့ပြီးနောက် သက်ဆိုင်ရာ အောက်ခြေအဆင့် ရပ်။ကျေးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက ဆည်ရေခွန်ကောက်ခံရာတွင် လေးစားမှု မရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ကာလက စီမံခန့်ခွဲမှု မှားယွင်းခဲ့တာဖြစ်ပါတယ်။ ရေခွန်တွေကို လျှော်ပစ်ဖို့၊ ဖြေလျှော့ပေးဖို့ အစီအစဉ် မရှိပါဘူး။ ရေခွန်နှင့် တာတမံခွန် ဥပဒေမှာ ရေခွန်တွေကို မြေခွန်မပြေ ကျန်ငွေကဲ့သို့ ကောက်ယူရမယ်လို့ ပါရှိပြီးဖြစ်ပါတယ်။ အဲဒီတော့ ရအောင်ကောက်သွားမယ် ” ဟု ၎င်းက ဖြေကြားသည်။

၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ရေခွန်နှင့် တာတမံဥပဒေကို အတည်ပြုပြီးနောက် တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်။ကျေးအဆင့်အထိ ရေခွန်ကောက်ခံရေးအဖွဲ့များဖွဲ့စည်း၍ ယခုလက်ရှိကာလအပါအဝင် ယခင် ကာလက ကျန်ရှိသည့်ကြွေးကျန်များကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း ဒေါက်တာ စိုးသန်းက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် ကြွေးကျန်စာရင်းမှ ကျပ်သန်း ၁၃ ဒသမ ၁၆၆ ကို မန္တလေးတိုင်းအစိုးရအဖွဲ့ ငွေစာရင်းသို့ ပေးသွင်းခဲ့သဖြင့် ရေခွန်ကြွေးကျန် ၉၁၄၁ ဒသမ ၄၈၄ ကျန်ရှိသည်ဟု ယင်းတိုင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်ကာလအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရေခွန်ပြေစာများကို လက်ဝယ်ထားရှိကိုင်ဆောင်၍ ကောက်ခံခြင်းမပြုခဲ့သော ရေခွန်ကြွေးကျန်များကို ယခုအချိန်မှ ၁၀ နှစ်စာအတွက် ပေးဆောင်ရန် ကောက်ခံခြင်းသည် တောင်သူများအတွက် ဝန်ထုတ်ဝန်ပိုးနှင့် ငွေကြေးအခက်အခဲပြဿနာများဖြစ်စေကြောင်း သာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းက ပြောကြားသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ နှစ်စဉ် ဆောင်ရွက်ရမယ့် တာဝန်လစ်ဟင်းခဲ့မှုက တောင်သူတွေရဲ့ ခေါင်းပေါ်မှာ ၁၀ နှစ်စာ ဝန်ထုန်ဝန်ပိုးအဖြစ် ဘေးကြပ်နံကြပ်အခြေအနေ ဖြစ်ပေါ်စေခဲ့မှုကို စာနာနားလည်ပြီး တတ်နိုင်သလောက် ဖြေလျှော့ပေးသင့်ပါတယ် ” ဟု ၎င်းက ဆိုသည်။

မူလပိုင်ရှင် မဟုတ်တော့သည့် လယ်မြေများနှင့် မကြာခင်ကာလက ဝယ်ယူခဲ့သော တောင်သူများအတွက် ယခင်တောင်သူ၏ ရေခွန်ကြွေးကျန်ကို ပေးဆောင်ရမည်ဖြစ်သောကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပြီးခဲ့သော မိုးရာသီတွင် မိုးခေါင်ခဲ့သည့်အတွက် စိုက်ပျိုးသီးနှံများ အထွက်နည်းခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

M-08