News

POST TYPE

MANDALAY

ကိုဆွေဝင်းအမှုကို ခရိုင်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးပေးရန် တရားလိုဘက်ကလျှောက်ထား
25-Mar-2019


မန္တလေး၊ မတ် ၂၅

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဆရာတော် ဦးဝီရသူက တရားရုံးသို့မလာနိုင်၍ ကျောင်းတိုက်တစ်ခုခုတွင် ကော်မရှင်နာဖြင့်စစ်ဆေးပေးရန်လျှောက်ထားမှုကို ပယ်ချခံရပြီးနောက် ခရိုင်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးပေးရန် ထပ်မံလျှောက်ထားခဲ့ကြောင်း မတ်လ ၂၅ ရက်နေ့က ချိန်းဆိုစစ်ဆေးခဲ့သည့်ရုံးချိန်းအရ သိရသည်။

ဦးဝီရသူသည် အမှုတွင် အရေးပါအရာရောက်သည့် သက်သေတစ်ဦးအဖြစ် ပါဝင်နေပြီး တရားလိုမှတင်သွင်းထားသည့် သက်သေများတွင် ပါဝင်သူတစ်ဦးဖြစ်သည့် မဟာအောင်မြေမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဦးဝီရသူတို့သည် ဘွဲ့တော်များစွာ ရရှိထားပြီး ဂုဏ်ကြီးမားသည့်ပုဂ္ဂိုလ်များဖြစ်သည့်အတွက် တရားရုံးသို့ လာရောက် အစစ်ဆေးမခံဘဲ တရားရုံးက သင့်လျော်ရာ ကျောင်းတိုက်တစ်ခုခုသို့ လာရောက်စစ်ဆေးပေးရန် လျှောက်ထားခဲ့ခြင်းကို မြို့နယ်တရားရုံးအပြင် ခရိုင်တရားရုံးကပါ ပယ်ချထားသည်။

ယင်းသို့ပယ်ချပြီးနောက်တွင် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသသည် တရားလိုပြသက်သေအဖြစ်မှရုတ်သိမ်းပေးရန် တရားရုံးသို့စာပေးပို့ခဲ့ပြီး ဆရာတော် ဦးဝီရသူ၏ အကျိုးဆောင်ရှေ့နေအဖွဲ့ကလည်း အခြားတရားရုံးတွင်စစ်ဆေးပေးရန် တရားရုံးသို့ တင်ပြတောင်းခံလိုက်ခြင်းဖြစ်သည်။

ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူများကို ဘုရားလောင်းများဖြင့်နှိုင်းယှဉ်ကာ ကျေးဇူးတင်ကြောင်း ဦးဝီရသူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီး ဦးကိုနီသည် ခွေးရူးဖြစ်ကြောင်း၊ ခွေးရူးကိုသုတ်သင်လိုက်သည့်အတွက် တစ်တောရှင်းသွားသည်ဟု The Speaker ဂျာနယ်အင်တာဗျူးတွင် ပြောဆိုခဲ့သည့်အပေါ် Myamar Now သတင်းဌာနက သတင်းတစ်ပုဒ် ရေးသားခဲ့သည်။

“တရားလို ရှေ့နေကတော့ အမှုကို ခရိုင်ရုံးမှာစစ်ဆေးဖို့ လျှောက်ထားတယ်လို့ သိရတယ်။ ဒီနေ့အမှုမှာ ဆင့်စာအတည်ဖြစ်တဲ့အတွက် ရုံးချိန်ပြီးတဲ့အထိ ကျွန်မတို့စောင့်တယ်။ ဒါပေမဲ့ သက်သေက မလာဘူး။ နောက်ရက် ဆက်စစ်မယ်လို့ပြောတယ်”ဟု ကိုဆွေဝင်း၏ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောဆိုသည်။

အဆိုပါသတင်းတွင် လူသတ်မှုကိုအားပေးနေသော ဦးဝီရသူသည် ဝိနည်းအားဖြင့် တတိယ ပါရာဇိကကံကို ကျူးလွန်ကြောင်း၊ သက်ဆိုင်ရာ သံဃအဖွဲ့များက လူဝတ်လဲစေပြီး အရေးယူသင့်ကြောင်း၊ မန္တလေးမြို့ရှိ ဆရာတော် ဦးစိန္တိတက မိန့်ကြားခဲ့မှုကို Myanmar Now သတင်းဌာနမှဖော်ပြခဲ့ပြီး ယင်းသတင်းကို ကိုဆွေဝင်းက လူမှုကွန်ရက်ပေါ်တွင် ပြန်လည်မျှဝေခဲ့ခြင်းကြောင့် ဆရာတော်ဦးဝီရသူ၏ တပည့် တစည ပါတီဝင် ဦးကျော်မျိုးရွှေက ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့က မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို မဟာအောင်မြေမြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်မှာ ရုံးချိန်းပေါင်း ငါးဆယ်ခန့်၊ ကာလအနေဖြင့် တစ်နှစ်နှင့် ရှစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။ ယခုနှစ် မတ်လ ၂၅ ရက်နေ့ ရုံးချိန်းတွင် ကျန်ရှိသည့် သက်သေများအနက်မှ ဦးကျော်စွာဆိုသူကို စစ်ဆေးခဲ့သည်။

M-04