News

POST TYPE

MANDALAY

လေးနှစ်အရွယ်ကလေးငယ်ကို အဓမ္မကျင့်ရန်ကြံသူကို အမှုဖွင့်
18-Mar-2019

မန္တလေး၊ မတ် ၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် အသက် ၂၂ အရွယ်ရှိ အမျိုးသားတစ်ဦးက လေးနှစ်အရွယ်ကလေးငယ်ကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း အောင်ပင်လယ်နယ်မြေရဲစခန်းထံမှ သိရသည်။

" ပြုကျင့်ဖို့ ကြံတာကိုတွေ့တာပေါ့ဗျာ။ မြောက်တော့ မသွားဘူး။ ကောင်လေးက အသက် ၂၂ နှစ်၊ ကလေးကတော့ လေးနှစ်နဲ့ တစ်လပဲရှိသေးတယ်။ အမှုဖွင့်ထားပါတယ် " ဟု အဆိုပါရဲစခန်း စခန်းမှူး ရဲအုပ် စိန်ထွန်းဦးက ပြောကြားသည်။

ကလေးငယ်၏ မိသားစုသည် အိမ်ရှေ့တွင်ရှိနေစဉ် အိမ်ထဲ၌ ကလေးငယ်နှင့် ကျူးလွန်သူ အသက် ၂၂ နှစ်အရွယ် ဦးကျော်ထက်ဝင်းတို့ ရှိနေခဲ့ပြီး အမျိုးသားက ကလေးငယ်ကို ကာမဆက်ယှက်ရန် အားထုတ်နေသည်ကို ကလေးမိခင်၏ တူဖြစ်သူက တွေ့ရှိသွားခဲ့ခြင်းဖြစ်ကြောင်း အောင်ပင်လယ်နယ်မြေ ရဲစခန်းထံမှ သိရသည်။

ယင်းသို့တွေ့ရှိပြီး တားဆီးနိုင်ခဲ့ကာ ကလေးငယ်ကို ဆေးစစ်ဆေးခြင်း၊ အဝတ်အစားများကို စစ်ဆေးခြင်းတို့ ပြုလုပ်ထားပြီး ကလေးကို ကာမဆက်ယှက်ရန် ကြိုးစားအားထုတ်သူ ကျော်ထက်ဝင်းကို အောင်ပင်လယ် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04