News

POST TYPE

MANDALAY

လမ်းပေါ် ဓားကိုင်ရမ်းကားသည့် လူငယ်သုံးဦး ဖမ်းမိ
17-Mar-2019
မန္တလေး၊ မတ် ၁၇

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တောင်ကြီးအနီးတွင် မတ်လ ၁၆ ရက်နေ့ ညက လူငယ်သုံးဦး ဓားကိုင်ရမ်းကားပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးစဉ် လမ်းဘေးအမှိုက်ပုံကို ဝင်တိုက်သဖြင့် ဒဏ်ရာများရရှိကာ ဖမ်းဆီးခံခဲ့ရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့က အသက် ၁၉ နှစ်အရွယ် သီဟဇော်၊ အသက် ၁၉ နှစ်အရွယ် ကုလားနှင့် အသက် ၁၇ နှစ်အရွယ် သံချောင်းတို့သုံးဦးသည် ဓားရှည်များဖြင့် လမ်းပေါ်တွင် သွားလာနေသူများကို လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ထိုသို့လုပ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားလာသည့်အတွက် သွားရောက်ဖမ်းဆီးရာ ဆိုင်ကယ်ဖြင့် ထွက်ပြေးစဉ် အာဇာနည်ဗိမာန်အနီး လမ်းဘေးတွင် ချထားသည့် စည်ပင်အမှိုက်ကန်ကို ဝင်တိုက်ပြီး ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းသူ သီဟဇော်တွင် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ပြီး ကုလားနှင့် သံချောင်းတို့တွင် ဒဏ်ရာအနည်းငယ်သာရခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားရှည်ကိုင်ကာရမ်းကားပြီး ယာဉ်ကို မဆင်မခြင်မောင်နှင်ခဲ့သူများကို ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

M-04