News

POST TYPE

MANDALAY

မန္တလေးတွင် လူ ၆၀၀၀ ကျော် အမှိုက်ကောက်
17-Mar-2019



မန္တလေးမြို့၊ မတ် ၁၇

မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်၍ မန္တလေး-ပြင်ဦးလွင် ကားလမ်းတွင် လူဦးရေ ၆၀၀၀ ကျော်ပါဝင်၍ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အမှိုက်ကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအမှိုက်ကောက်ပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ပါဝင်၍ အစိုးရဌာနများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ် ၇ မြို့နယ်ရှိ ပြည်သူများပူးပေါင်းပါဝင်၍ မန္တလေး- ပြင်ဦးလွင်လမ်းရှိ ဘိုးဘိုးကြီးနတ်နန်းမှ ကျောက်ချော (၁၆ မိုင်ဂိတ်) အထိ စုပေါင်းအမှိုက်ကောက်ခဲ့ကြခြင်းဖြစ်သည်။

“ပြင်ဦးလွင်လမ်းမှာ အမှိုက်တွေက တော်တော်ဆိုးတယ်ဗျ။ အကယ်၍ အစ်မ(အတိုင်ပင်ခံပုဂ္ဂိုလ်) ကားနဲ့တက်ခဲ့ရင် အပြောခံရလိမ့်မယ်ဆိုပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကောက်ခဲ့တယ်။ ဒါပေမဲ့ သန့်ရှင်းရေးအတွက်ပါ”ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အများပြည်သူကိုလည်း Awareness (အသိပညာ) ပြန့်ပွားစေလိုသောဆန္ဒဖြင့် ဦးဆောင် အမှိုက်ကောက်ခဲ့ခြင်းဖြစ်ပြီး အခြားနေရာများကိုလည်း သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မန္တလေး-ပြင်ဦးလွင် လမ်းသည် နောင်တစ်ချိန်တွင် မဟာဗျူဟာကျသော လမ်းမကြီးတစ်ခုဖြစ်သကဲ့သို့ New Mandalay Resort စီမံကိန်းလည်း စတင်ဆောင်ရွက်တော့မည်ဖြစ်သည့်အတွက် လမ်းဘေးဝဲယာတစ်လျှောက် သပ်ရပ်သန့်ရှင်းစေရန် ကြိုတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ စေတနာရှင်များ၊ ပြည်သူများသည် စုပေါင်း၍အမှိုက်ကောက်ရန် တောင်းဆိုခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်ဧပြီလမှစတင်၍ အပတ်စဉ်တနင်္ဂနွေနေ့ကို မြို့တော်သန့်ရှင်းရေးနေ့အဖြစ်သတ်မှတ်၍ အမှိုက်ကောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“ဒီလမ်းမှာ ဧည့်သည် ခရီးသွားလည်း များတယ်။ အမှိုက်စွန့်ပစ်မှုတွေလည်းများပြီး မြင်မကောင်းအောင် ဖြစ်နေပါတယ်။ စည်ပင်သာယာနယ်နိမိတ်အတွင်းမှာလည်း မဟုတ်တဲ့အတွက် အမှိုက်မသိမ်းနိုင်ခဲ့ပါဘူး။ အခုဆိုရင် အားလုံးက ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်နဲ့ လာတဲ့အတွက်လည်း ချီးကျုးပါတယ်။ အတင်းအဓမ္မလည်း ခေါ်တာမရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။

မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် မတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမည့် Mandalay International Trade Fair and Business Forum 2019 ဖွင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ဖွယ်ရှိကြောင်း မြို့ခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သတင်းများထွက်ပေါ်လျက်ရှိသည်။

M-08

ဓာတ်ပုံ-ဘုန်းနေ