News

POST TYPE

MANDALAY

TNLA က ခိုလုံလီရှောတိုင်းရင်းသား ၈ ဦးပြန်လွှတ်
17-Mar-2019


TNLA အဖွဲ့ထံမှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ခိုလုံလီရှောတိုင်းရင်းသား ၇ ဦးနှင့် တိုင်းရင်းသူ ၁ ဦးတို့ကို တွေ့ရစဉ်
ဓာတ်ပုံ-ပန်းဆေးပြန်ကြားရေးလူငယ်အဖွဲ့

မန္တလေး၊ မတ် ၁၇

TNLA (တအာင်းလက်နက်ကိုင်အဖွဲ့) သည် တတိယအကြိမ်မြောက် ဖမ်းဆီးထားသည့် ပန်းဆေးဒေသခံ ခိုလုံလီရှောတိုင်းရင်းသား ၈ ဦးကို မတ်လ ၁၆ ရက်နေ့ ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း ပန်းဆေးပြန်ကြားရေး လူငယ်အဖွဲ့ထံမှ သိရသည်။

ယင်းသို့ ပြန်လွှတ်ခဲ့သော တိုင်းရင်းသားများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်းဆေးဒေသ၊ ဝါလုကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး TNLA အဖွဲ့က မတ်လ ၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ မတ်လ ၁၆ ရက် ည ၁၁ နာရီတွင် ဝါလုကျေးရွာသို့ ပြန်လည်ရောက်ရှိပြီး ယခုအကြိမ်လွတ်မြောက်ရာ၌ TNLA အဖွဲ့သို့ ငွေကြေးတစ်စုံတရာ ပေးသွင်းခဲ့ရခြင်းမရှိကြောင်း၊ ယင်းဖမ်းဆီးမှုတွင် ပြန်လွှတ်ပေးရန် ခိုလုံလီရှောတိုင်းရင်းသား ၄ ဦးကျန်ရှိနေသေးကြောင်း ပန်းဆေးပြန်ကြားရေးလူငယ်အဖွဲ့ဝင် ဒေါ်ခင်သိမ့်သိမ့်ထွေးက ပြောကြားသည်။

TNLA အဖွဲ့က ဘိန်းစိုက်တောင်သူဟုစွပ်စွဲ၍ ဖမ်းဆီးခဲ့သော အကြိမ်အရေအတွက်မှာ ၂၀၁၈ ဇူလိုင်လ ၂၀ ရက်(ပထမအကြိမ်)တွင် ဝါကျော်ကျေးရွာနေ ကလေးငယ် ၁၈ ဦးနှင့် ရွာသား ၄ ဦး၊ ယခုနှစ် မတ်လ ၁ ရက် (ဒုတိယအကြိမ်)တွင် ပန်းတောင်ကျေးရွာနေ သက်ကြီးရွယ်အိုများနှင့် တိုင်းရင်းသူ၊ တိုင်းရင်းသား ၁၅ ဦး၊ မတ်လ ၆ ရက်(တတိယအကြိမ်)တွင် ဝါလုကျေးရွာတွင် နေထိုင်သူ ၈ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ပန်းဆေး ပြန်ကြားရေးလူငယ်အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

TNLA ၏ ထုတ်ပြန်ချက်တွင် PSLA/TNLA ၏ ဥပဒေကိုချိုးဖောက်၍ ဘိန်းခင်းစိုက်ပျိုးနေသူ ဝါလုကျေးရွာသူ၊ ရွာသား ၈ ဦးကို တအာင်းမူးယစ်အထူးနှိမ်နှင်းရေးအဖွဲ့က တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခဲ့သူတို့ကိုယ်တိုင် ဘိန်းခင်းများကို ဖျက်ဆီးပြီးဖြစ်သောကြောင့် ၎င်းတို့ကို နောက်နောင်မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်ခြင်း မပြုတော့ပါကြောင်း ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မတ်လ ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

" သူတို့ စွပ်စွဲသလို ဘိန်းစိုက်တောင်သူတွေ မဟုတ်ဘူးလေ။ အကြောင်းအရာ တစ်ခုခုရှာပြီးဖမ်းတာပါ။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေလည်း ဖမ်းတယ် " ဟု ဒေါ်ခင်သိမ့်သိမ့်ထွန်းက ပြောကြားသည်။ 

TNLA အဖွဲ့အနေဖြင့် ပန်းဆေးဒေသရှိ ခိုလုံလီရှောတိုင်းရင်းသူ၊ တိုင်းရင်းသားများကို အဓမ္မဖမ်းဆီး၍ နှိပ်စက်ခြင်း၊ ဖမ်းဆီးထားသူကို ငွေကြေးဖြင့် ပြန်လည်ရွေးယူစေခြင်း အစရှိသော အနိုင်ကျင့် ပြုမှုကျုးလွန်နေကြောင်း ယင်းဒေသတွင် နေထိုင်သူ ခိုလုံလီရှောတိုင်းရင်းသား ၂၀ (ခန့်)က မတ်လ ၁၃ ရက် က မန္တလေးမြို့ မီဒီယာစင်တာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

M-08