News

POST TYPE

MANDALAY

မန္တလေးတိုင်းအပါအဝင် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာမည်
17-Mar-2019


ရန်ကုန်၊ မတ် ၁၇

အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် ဒေသအချို့၌ လာမည့်ရက်ပိုင်းအတွင်း အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မတ်လ ၁၇ ရက်နေ့မှစတင်၍ မတ်လ ၂၁ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ယင်းသို့အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ နေ့အပူချိန်များမြင့်တက်ကာ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စစ်လက်ခြင်းနှင့် မိုးသီးကြွေကျခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ (မတ်လ ၁၇ ရက်) အတွက် ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်စီနှင့် မိတ္ထီလာမြို့၊ တံတားဦးမြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် တောင်ငူမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်စီဖြစ်သည်။ 

E-03

ဓာတ်ပုံ- မိုး/ဇလ





  • VIA