News

POST TYPE

MANDALAY

ကျောက်ဆည်တွင် ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်
17-Mar-2019



မန္တလေး၊ မတ် ၁၇

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို မန္တလေးတိုင်း ကျောက်ဆည်မြို့တွင်း၌ လူအင်အား ၅၀ဝ ခန့်ဖြင့် မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့ကိုယ်စားလှယ်အမှန်တွေနဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။ စစ်အာဏာရှင်လက်အောက်မှာ သူတို့အလိုကျ ရေးဆွဲထားတာဖြစ်တယ်။ ဒါကြောင့် ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒအညီ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်”ဟု ယင်းထောက်ခံဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်) မှ ဦးသံမဏိက ပြောကြားသည်။

ယင်းထောက်ခံပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်သူဆန္ဒနှင့် ဆန့်ကျင်သည့် အခြေခံဥပဒေ အလိုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြည်သူအားလုံးဝန်းရံစို့ စသည့်ကြွေးကြော်သံများဖြင့် မြို့တွင်းလှည့်လည်ပြီးနောက် ကျောက်ဆည်ဆင်ပြိုင်ကွင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း ဦးသန့်စင် (မြင်းခြံ)၊ ကဗျာဆရာထွဏ်းသွေးအိမ်တို့က အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဟောပြောမှုများပြုလုပ်ခဲ့ကြသည်။

“ဘာကြောင့် ပြင်ချင်တာလဲ သိထားဖို့လိုပါတယ်။ ပထမဆုံးအချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ချင်လို့ ပြည်ထောင်စုကို တည်ထောင်ချင် ပြင်ချင်တာ ဖြစ်ပါတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း ဦးသန့်စင်(မြင်းခြံ)က ပြောကြားသည်။

ကျောက်ဆည်ခရိုင်တွင် တံတားဦး၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သားမြို့နယ်လေးမြို့နယ်ရှိသည့်အနက် တံတားဦးမြို့တွင် အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲကို မတ်လ ၄ ရက်နေ့က ဒေသခံအင်အား ၃၀၀ ခန့်ဖြင့်ပြုလုပ်ခဲ့သည်။

M-01

ဓာတ်ပုံ-မောင်ရဲနွေ