News

POST TYPE

MANDALAY

ဘာသာရေးအခြေပြုကျောင်းများတွင် အခြေခံပညာသင်ကြားပေးနိုင်ရန် မူဝါဒရေးဆွဲ
14-Mar-2019



ရတနာမြေလူမူဖွံ့ဖြိုးရေးအသင်းမှ အေးချမ်းသာယာရေး ပညာပေးဆွေးနွေးပွဲဖိုရမ် (၂၀၁၉) ကို မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ဟိုတယ်မန္တလေးတွင် ကျင်းပခဲ့ပုံ

မန္တလေး၊ မတ် ၁၄

ဘာသာရေးအခြေပြုကျောင်းများတွင် အခြေခံပညာရပ်များသင်ကြားပေးနိုင်ရန်အတွက် မူဝါဒများရေးဆွဲနေကြောင်း ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။

ပညာရေးတွင် အခြေခံပညာတတ်မြောက်ရေးက အရေးကြီးသည့်အတွက် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးတို့ကို ဘာသာရေးအခြေပြု ပညာသင်ကျောင်းများတွင် တရားဝင်သင်ကြားခွင့်ရရှိစေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများကို ၂၀၁၃ ခုနှစ်စတင် ပြုလုပ်လာခဲ့ကြောင်း၊ ရရှိလာသည့် ရလဒ်များ၊ စာတမ်းများကို ပြုပြင်မွမ်းမံ၍ နိုင်ငံတော်အစိုးရထံ မူဝါဒတစ်ခုအနေဖြင့် တင်ပြမည်ဖြစ်ကြောင်း ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ နှင်းအေးကိုက ပြောကြားသည်။

“ငြိမ်းချမ်းရေးရဲ့အခြေခံလိုအပ်ချက်က စာတတ်မြောက်မှုပေါ့။ ငြိမ်းချမ်းရေးအတွက် ပညာရေးကမရှိမဖြစ် လိုအပ်တယ်။ နောက်တစ်ခုက လူ့အခွင့်အရေးမှာ ကလေးတိုင်း ပညာသင်ခွင့်ရှိတယ်ဆိုတာ ပါတယ်။ သို့သော်လည်းအများစုက နိုင်ငံသားအခွင့်အရေးကို လူအခွင့်ရေးလို ထင်နေကြတယ်။ ပညာရေးက လူ့အခွင့်ရေးဆိုတာကို အားလုံးမသိချင်ယောင်ဆောင်နေကြတယ်။ အတူယှဉ်တွဲနေထိုင်ရေးကို ခုန်တက်ချင်တယ်။ ဒါပေမဲ့ အခြေခံပညာလိုအပ်ချက်ကို အကုန်မေ့နေတယ်”ဟု ၎င်းက ပြောကြားသည်။

ဘာသာရေးအခြေပြုကျောင်းများဖြစ်သည့် ပရိယတ္တိကျောင်း၊ အာရဗီစာသင်ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းများနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် ပြန်လည်ထူထောင်ရေးစခန်းများတွင် အခြေခံအရေး၊ အဖတ်အတွက် စသည့်ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

လတ်တလော ယင်းမူဝါဒရေဆွဲမှုမှာ ၄၀ ရာခိုင်နှုန်းခန့်ပြီးစီနေပြီး ယခုခုနှစ်အတွင်း ပြီးစီးအောင်ရေးဆွဲ၍ ပညာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများသို့ တင်ပြမည်ဖြစ်ကြောင်း ရတနာမြေလူမှုဖွံ့ဖြိုးရေး အသင်းထံမှ သိရသည်။

M-05



ဓာတ်ပုံ-မြတ်မင်း