News

POST TYPE

MANDALAY

ဘုရားပရဝုဏ်အတွင်းရှိ မီးသတ်အဆောက်အအုံဖယ်ပေးရန် ဂေါပကအဖွဲ့တောင်းဆို
14-Mar-2019


မန္တလေး၊ မတ် ၁၄

မန္တလေးမြို့ သမိုင်းဝင်ဂေဇက်ရ ဘုရားနီမြတ်စွာဘုရား ပရဝုဏ်မျက်နှာစာရှိ ပုလဲငွေရောင်ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့အဆောက်အအုံကို အပြီးသတ်ဖယ်ရှားပေးရန် ယင်းဘုရားဂေါကပအဖွဲ့က တောင်းဆိုလိုက်သည်။

ယင်းဘုရားဂေါပကရုံးခန်းတွင် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘုရားနီဂေါပကအဖွဲ့က ထိုသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ယင်းမီးသတ်တပ်ဖွဲ့အဆောက်အအုံကို လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်”ဟု ယင်းဘုရားနီ ဆုတောင်းပြည့်မြတ်စွာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပြေကျော်က ပြောကြားသည်။

ထိုမီးသတ်အဆောက်အအုံကို ဖျက်သိမ်းပေးရန် ၂၀၁၇ ခုနှစ်မှစတင်ကာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာဋ္ဌာနအသီးသီးသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

ယင်းဂေါပကအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့အကြား ပုဂ္ဂိုလ်ရေးပြဿနာများကို အဆင်ပြေစွာညှိနှိုင်းပါက အဆင်ပြေနိုင်ကြောင်း ယင်းရပ်ကွက်နေသူတစ်ဦးက သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ ဖယ်ဖို့မရှိပါဘူး။ စည်ပင်သာယာနယ်နမိတ်ဖြစ်တဲ့အတွက် စည်ပင်ဥပဒေအရ စည်ပင်ကဖျက်ဆိုရင်တော့ ဖျက်ပေးမယ်”ဟု ပုလဲငွေရောင်ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ တပ်စုမှူး ဦးတင်ဝင်းထွန်းက ပြောကြားသည်။

ယင်းသမိုင်းဝင်ဂေဇက်ရ ဘုရားနီဆုတောင်းပြည့်မြတ်စွာဘုရားကို သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်က အသောကမင်းတရားကြီးက တည်ထားခဲ့ပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ကို ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် တပ်ဖွဲ့ဝင်အင်အား ၁၁ ဦးဖြင့် တည်ထောင်ခဲ့ပြီး ၈၂ လမ်း၊ ၂၀ လမ်းနှင့် ၂၂ လမ်းကြားတွင် တည်ရှိသည်။

M-01

ဓာတ်ပုံ - မောင်ရဲနွေ




  • VIA