News

POST TYPE

MANDALAY

မန္တလေးတွင် ရှမ်းနီအမျိုးသားနေ့ကျင်းပ
13-Mar-2019
မန္တလေး၊ မတ် ၁၃

မန္တလေးမြို့ ဗန်းမော်တိုက် ဗုဒ္ဓတက္ကသိုလ်ခန်းမတွင် မတ်လ ၁၃ ရက်နေ့က ၄၉၂ နှစ်မြောက် ရှမ်းနီးအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ရှမ်းနီလူငယ်အဖွဲ့ချုပ်ထံမှ သိရသည်။

ရှမ်းနီလူမျိုးဆိုသည်မှာ မြန်မာသမိုင်းတွင် အထင်ကရ လူမျိုးကြီးတစ်မျိုးအဖြစ်ရှိခဲ့သော်လည်း အမျိုးသားရေးလက္ခဏာများမှာ ဆုတ်ယုတ်လာသည့် အပိုင်းများရှိကြောင်း၊ ထို့ကြောင့် အမျိုးသားရေး လက္ခဏာများကို တိုးတက်စေလိုသည့်ဆန္ဒဖြင့် ယခုပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှမ်းနီလူငယ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး စိုင်းအောင်မျိုးလွင်က ပြောကြားသည်။

“မြန်မာ့သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။ စကား၊ စာပေ၊ ယဉ်ကျေးမှု ကိုယ်ပိုင်ဟန်တွေ ရှိတယ်။ ဒါတွေကို တစ်နိုင်ငံလုံးက လူတွေလည်းသိစေချင်တယ်။ ရှမ်းနီအမျိုးသားတွေ ကိုယ်တိုင်က ကျွန်တော်တို့လူမျိုးတွေက လူမျိုးငယ်မဟုတ်ဘူး။ ဂုဏ်ငယ်ရမယ့် လူမျိုးမဟုတ်ဘူးဆိုတာကို သိစေချင်တယ်။ အမျိုးသားရေးစိတ်ဓာတ်တွေရှင်သန်စေချင်တဲ့အတွက်ပါ”ဟု ၎င်းက ပြောကြားသည်။

ယင်းအခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ရှမ်းနီအမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ရှမ်းနီအမျိုးသားအကျိုး ဆောင်ရွက်ခဲ့ကြသည့် ရဟန်းရှင်လူများကို ရည်စူးရေစက်ချအမျှဝေခြင်း၊ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့ကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးခြင်း၊ အမျိုးသားနေ့ဆိုင်ရာ ဟောပြောခြင်းနှင့် ရိုးရာတေးဂီတအကများဖြင့် ကပြဖျော်ဖြေခြင်းများကို ပြုလုပ်ခဲ့ကြသည်။

M-05




  • VIA