News

POST TYPE

MANDALAY

မန္တလေးတွင် မြန်မာ့သရက်သီးပွဲတော်ကျင်းပမည်
12-Mar-2019

မန္တလေး မတ် ၁၂

မြန်မာ့သရက်သီးပွဲတော်ကို မန္တလေးမြို့ Hotel Hazel တွင် မေလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ထံမှ သိရသည်။

မြန်မာ့သရက်အမျိုးအစားများကို တစ်ကမ္ဘာလုံးက သိရှိပြီး အရောင်းမြင့်တင်နိုင်ရန်အပါအဝင် သရက်သီးများကို GAP(Good Agricultural Practices)စနစ်ဖြင့် စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ဝယ်ယူရောင်းချသူများနှင့် အခြားဆက်စပ်နေသူများအတွက် ခိုင်မာသည့်ဈေးကွက် ဖော်ဆောင်ပေးနိုင်စေရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

'' ဈေးကွက်တွေ တည်ငြိမ်စေချင်တာပါ။ ဟိုတလောက ဖရဲသခွားတွေ မရောင်းရတဲ့အတွက် တောင်သူတွေ အများကြီးနစ်နာတယ်။ သရက်မှာဆိုရင်လည်း တရုတ်ဘက်က သရက်သီးတွေ အများကြီးထွက်လာတယ်။ ဒီအခါမှာ ဈေးကွက်ပျက်သွားမှာစိုးတဲ့အတွက် ဈေးကွက်မပျက်အောင် ကြိုတင်ကာတဲ့အနေနဲ့ပါ '' ဟု ၎င်းက ပြောဆိုသည်။

မြန်မာသရက်သီးပွဲတော်နှင့် သရက်သီးပြိုင်ပွဲကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံသရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ သရက်သီးပြိုင်ပွဲတွင် စိန်တလုံး၊ မြကျောက်၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ကွဲနှင့် အခြားသရက်(ပြည်တွင်း )နှင့် အခြားသရက်(ပြည်ပ)တို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ထံမှ သိရသည်။

M-05