News

POST TYPE

MANDALAY

ရတနာပုံကျောင်းသားကို သတ်ဖြတ်လုယက်သူများသည် အုပ်စုဖွဲ့ လုယက်မှုကျူးလွန်ထားသူများဖြစ်ကြောင်း ပေါ်ပေါက်
09-Mar-2019
မန္တလေး၊ မတ် ၉

ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုစိုးမိုးဟိန်းကို လုယက်ရင်းလူသတ်မှုကျူးလွန်ခဲ့သူများသည် အခြား ဓားထိုးမှုနှင့် လုယက်မှုငါးမှုတို့ကို အုပ်စုဖြင့် ကျူးလွန်ထားကြောင်း လက်ရှိဖမ်းမိထားသူ အမျိုးသားကို စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့သည်ဟု ချမ်းမြသာစည်မြို့နယ်မြို့မရဲစခန်းထံမှ သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသတ်ခံရမှုမှ သံသယရှိသူ နေထက်ရှိုင်းကို ဖမ်းဆီးစစ်ဆေးရာမှ အမှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အပြင် ၎င်းတို့အဖွဲ့သည် အမရပူရ၊ ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ဓားထိုးမှုတစ်ခုအပါအဝင် ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံလုယက်မှုများ ကျူးလွန်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးလွင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းက ကန်တော်ကြီးပတ်လမ်းတွင် ဖြစ်ပွားခဲ့သည့် လုယက်တစ်ခုအတွက် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးရာမှ ကိုစိုးမိုးဟိန်းအသတ်ခံရမှုအပါအဝင် အခြားလုယက်မှုများပါ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အမှုမှ နေထက်ရှိုင်းသည် ၎င်း၏ အပေါင်းအပါများဖြစ်သည့် ကိုကိုသဲ(ခ)သဲသဲ၊ ကောင်းမြတ်ကျော်(နီကတိုး)၊ နိုင်လင်းအောင်၊ ရဲဝင်းအောင်၊ ချမ်းမြေ့စိုး(ခ)ကတုံး၊ ဇွဲကိုနှင့် ချစ်တုံတို့ပါဝင်သည့်အဖွဲ့ဖြင့် ပြည်ကြီးတံခွန် မြို့နယ်တွင် ခိုးမှုတစ်ခုနှင့် ဓားထိုးမှု၊ အမရပူရမြို့နယ်တွင် လုယက်မှုတစ်ခု၊ ချမ်းမြသာစည်မြို့နယ်တွင် လုယက်မှုတစ်ခုတို့ကို ကျူးလွန်ထားကြောင်း ၎င်းကို ဝန်ခံပြောကြားသည်ဟု ချမ်းမြသာစည်မြို့နယ်မြို့မရဲစခန်း ထံမှ သိရသည်။

ယင်းကျူးလွန်မှုများနှင့်ပတ်သက်ပြီး ၎င်းတို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၄၊ အမှတ် ၁၀ မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄၊ အမရပူမြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄၊ အမရပူရမြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ တို့ဖြင့် အသီးသီးအမှုဖွင့်ထား ကြောင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒမေဂျာမှ အသက် ၂၂ နှစ်အရွယ်ရှိ ကိုစိုးမိုးဟိန်းနှင့် မခိုင်ဇင်ဝေနှင်းတို့သည် တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်၌ စကားပြောနေစဉ် အမည်မသိလူ(၄)ဦးက ဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး ပိုက်ဆံအိတ်လုယူသည့်အပြင် ၎င်းတို့အထဲမှ အမျိုးသားတစ်ဦးက ကိုစိုးမိုးဟိန်း၏ ဘယ်ဘက်ရင်ညွှန့်ကို ဓားဖြင့် ထိုးခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်သည်။

M-04