News

POST TYPE

MANDALAY

ဂျာမနီနိုင်ငံပညာရှင်များ ပုဂံနန်းဘုရားပြင်ဆင်ထိန်းသိမ်းမှုစတင်
09-Mar-2019

နန်းဘုရားပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

မန္တလေး၊ မတ် ၉

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သဲကျောက်ဖြင့်တည်ဆောက်ထားသည့် နန်းဘုရားကို ဂျာမနီနိုင်ငံပညာရှင်များက မတ်လ ၈ ရက်နေ့မှစတင်၍ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။

နန်းဘုရားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ဂျာမနီနိုင်ငံ၊ Cologne Institute of Conservation Science နှင့်ပူးပေါင်းကာ မတ်လ ၈ ရက်မှ ၃၀ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဌာန ပုဂံဌာနခွဲ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

'' ဘယ်လောက်ကုန်ကျမလဲဆိုတာကတော့ အတိအကျပြောဖို့ရာ ခက်တယ်။ ရှေဟောင်းအဆောက်အအုံ ဆိုတာက အသစ်အဆောက်အအုံလို တစ်ခါတည်းကုန်ကျစရိတ်တွက်ချက်လို့ မရနိုင်ဘူး။ လုပ်ရင်းနဲ့မှ လိုအပ်တာတွေ ထပ်တွေ့လာနိုင်သလို လုပ်ရင်းနဲ့မှ မလိုတော့တာတွေလည်း ရှိတယ်။ အချိန်ကျတော့လည်း နှစ်ချီကြာမြင့်နိုင်တယ် '' ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ ပြုလုပ်ရာတွင် ပျက်စီးသည့်အခြေအနေများကို ဆန်းစစ်ကာ ပြန်လည်မှတ်တမ်းတင်ခြင်း၊ အဆောက်အအုံရှိ မူလကျောက်ရေတံလျှောက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေသည့်အတွက် ခရီးသွားများ၌ အန္တရာယ်ရှိသဖြင့် အခြားသော ဘုရားများနည်းတူ စဉ့်ရေတံလျောက်ကို ပြန်လည်တပ်ဆင်ခြင်း၊ အဆောက်အအုံ၏ အရှေ့မြောက်ဘက်အပိုင်းရှိ ဆားပွင့်တက်ပျက်စီးနေသည့် ကျောက်များ၏ အခြေအနေကို လေ့လာကာ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဌာန၏ လုပ်ငန်းစဉ်များအရ သိရသည်။

လက်ရှိနန်းဘုရား၏ အချို့နေရာများတွင် မျက်နှာပြင်ဆားပွင့်တက်ခြင်း၊ ဆွေးမြေ့ခြင်း၊ ကျောက်တုံးအချို့ အက်ကွဲခြင်း၊ ကျောက်သားမျက်နှာပြင်ပေါ်တွင် ရေညှိရေမှော်တက်ခြင်းရှိနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှတ်တမ်းများအရ သိရသည်။

M-05

ဓာတ်ပုံ - Bagan Arch