News

POST TYPE

MANDALAY

ရတနာပုံတက္ကသိုလ် ကျောင်းသားကို လုယက်သတ်ဖြတ်သူများထဲမှ တစ်ဦးဖမ်းမိ
07-Mar-2019
မန္တလေး၊ မတ် ၇

မန္တလေးမြို့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်သတ်ဖြတ်ခံခဲ့ရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှုမှ တရားခံတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

“အသေးစိတ်ကိုတော့ နောက်မှ မီဒီယာကို ချပြပေးပါမယ်။ အမှုမှာက ကွင်းဆက်တရားခံတွေ ကျန်နေသေးတဲ့အတွက် သူတို့ကို ဖော်ထုတ်နိုင်ဖို့ လိုနေသေးတယ်။ အမှုကိုဖော်ထုတ်ထားပြီး ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယခုဖမ်းဆီးရမိထားသည်ဆိုသည့် တရားခံ၏ အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိသကဲ့သို့ မည်သည့်အချိန်၊ မည်သည့်နေရာနှင့် မည်သို့ဖမ်းဆီးရမိခဲ့ခြင်းကိုလည်း ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒမေဂျာမှ အသက် ၂၂ နှစ်အရွယ်ရှိ ကိုစိုးမိုးဟိန်းနှင့် မခိုင်ဇင်ဝေနှင်းတို့သည် တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်၌ စကားပြောနေစဉ် အမည်မသိလူ (၄) ဦးက ဆိုင်ကယ် (၂) စီးဖြင့်ရောက်ရှိလာပြီး ပိုက်ဆံအိတ်လုယူသည့်အပြင် ၎င်းတို့အထဲမှ အမျိုးသားတစ်ဦးက ကိုစိုးမိုးဟိန်း၏ ဘယ်ဘက်ရင်ညွှန့်ကို ဓားဖြင့်ထိုးခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဓားဖြင့်ထိုးခံရသည့် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်း ပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်းက ပတ်ဝန်းကျင်ကို အော်ဟစ်အကူတောင်းစဉ် ၎င်းတို့ထဲမှ တစ်ဦးက သူမပါးစပ်အား ပိတ်သဖြင့် ရုန်းကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်း ပြုတ်ကျခဲ့ရာမှ အသတ်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမပူရမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံများကို စုံစမ်းနေရာမှ ကျူးလွန်သူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲကထံမှ သိရသည်။

အထက်ပါဖြစ်ရပ်မဖြစ်ပွားမီ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ်အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီး ကျောင်းသားကိုသတ်ပြီး ဆိုင်ကယ်လုယက်ဓားပြတိုက်ခဲ့သူ တရားခံ ငါးဦးမှ ဖမ်းမိထားသည့် လေးဦးကို ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြင်ဦးလွင်ခရိုင်တရားရုံးက သေဒဏ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်များဖြစ်သည့် နှစ် ၂၀ ၊ ၁၀ နှစ်နှင့် ၇ နှစ်တို့ အသီးသီး ချမှတ်ခဲ့ပြီး အဓိက တရားခံတစ်ဦးဖြစ်သူ ငမိုး (ခ) မိုးကြီး (ခ) ကျော်နိုင်မင်း လွတ်မြောက်နေဆဲဖြစ်သည်။

M-04