News

POST TYPE

MANDALAY

ရေကြောင်းရဲနှင့် ပဋိပက္ခဖြစ်သည့် မိသားစုဝင် ၆ ဦးကိုစွဲချက်တင်
07-Mar-2019

မန္တလေး၊ မတ် ၇

မူလတောင်သူပိုင်မြေပေါ်တွင် ရေကြောင်းရဲတပ်ဖွဲ့က ခြံစည်းရိုးခတ်ရာမှ မူလပိုင်ဆိုင်သူများနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားရာမှ တရားစွဲဆိုခြင်းခံရသည့် မိသားစုဝင် ၆ ဦးကို မတ်လ ၇ ရက်နေ့က စွဲချက်တင်လိုက်ကြောင်း မဟာအောင်မြေမြို့နယ်တရားရုံးထံမှ သိရသည်။

မူလမြေပိုင်သူများဖြစ်သည့် တောင်သူ ဦးပေါက်စနှင့် ဒေါ်တင်ဋ္ဌေးနှင့် မခိုင်ဇာဝင်း (မူလတန်းပြ - ဘက)တို့ကို ပုဒ်မ ၄၄၀/၁၁၄၊ ၃၃၂/၁၁၄ အရလည်းကောင်း၊ ဒေါ်မြင့်မြင့်စန်းကို ပုဒ်မ ၄၄၀၊ ၃၃၂၊ ကိုမင်းခိုင်ကို ပုဒ်မ ၄၄၀၊ ၁၈၉၊၂၉၄(ခ)နှင့် ကိုမိုးသီးကို ပုဒ်မ ၄၄၀၊ ၃၃၂၊ ၁၈၉၊ ၂၉၄ (ခ)တို့ဖြင့် အသီးသီး စွဲချက်တင်လိုက်ကြောင်း ယင်းမိသားစုဝင်များ၏ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က ပြောကြားသည်။

“ဘာအမိန့်စာမှ မပါဘူး တရားစွဲတယ်။ ကျွန်တော်တို့က မတရားသဖြင့် ခံနေရတာ။ မတရားဘူး”ဟု မူလပိုင်ရှင်ဖြစ်သူ ဦးပေါက်စက ပြောဆိုသည်။

ရေကြောင်းရေတပ်ဖွဲ့က တောင်သူများပိုင်သည့် မြေပေါ်တွင် ခြံစည်းရိုးခတ်သဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ရဲကြောင်းရဲတပ်ဖွဲ့နှင့် မူလတောင်သူများ ပဋိပက္ခဖြစ်ပွားခဲ့သည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ပေါ်တော်မူဘုရားအနီး၊ မြို့ပတ်လမ်း တည်ဆောက်မည့် စီမံကိန်းအတွက် တောင်သူများ ပိုင်ဆိုင်သည့် မြေဧက ၁၀ ဒသမ ၅၀ ဧကကို သိမ်းယူခဲ့ပြီး စီမံကိန်းပိုလျှံမြေ ၆ ဧကရှိကြောင်း၊ ယင်းပိုလျှံမြေများကို ပြန်လည်ရရှိရန်အတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယင်းထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ် ၄၄၇ အရ အမှုရင်ဆိုင်ရသော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မဟာအောင်မြေမြို့ နယ်တရားရုံးက မူလပိုင်ရှင် ဦးပေါက်စနှင့် တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ၃ ဦး အပါအဝင် ၈ ဦးကို အပြစ်မရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။

၎င်းမြေ ၆ ဧကကို ရေကြောင်း ရဲတပ်ဖွဲ့ရုံး တည်ဆောက်ရန်အတွက် အမည်ပေါက် ရရှိထားကြောင်း အမှတ် ၇ ရဲစခန်းထံမှ သိရသည်။

M-01