News

POST TYPE

MANDALAY

မန္တလေးတွင် မီးသတ်ကားနှစ်စီးတိုက်
07-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၇

မီးလောင်မှုတစ်ခုသို့ သွားရောက်ငြှိမ်းသတ်ပြီး ပြန်လာသည့် မီးသတ်ကားနှစ်စီး ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနှင့် ၆၂ လမ်းထောင့်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက အချင်းချင်းတိုက်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“လမ်းဆုံမှာ မတော်တဆ တိုက်မိကြတာပါ။ တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ ယာဉ်တွေပဲ ပျက်ဆီးမှုရှိပါတယ်”ဟု ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးထက်အောင်က ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ယာဉ်တစ်စီးနှင့် မြို့သစ် ၂ ရပ်ကွက်သို့ လွှဲပြောင်းပေးအပ်ထားသည့် မီးသတ်ကားနှစ်စီးသည် ယင်းမြို့နယ် လမ်း ၆၀ နှင့် ၆၁ လမ်းကြား၊ သဇင်လမ်းနှင့် ကံ့ကော်လမ်းကြား ပိတောက်လမ်းသွယ်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုတစ်ခုသို့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ပြန်လာစဉ် ၆၂ လမ်းအတိုင်း မောင်းနှင်လာသည့်ကားနှင့် မနော်ဟရီလမ်းအတိုင်း မောင်းနှင်လာသည့်ကားတို့ လမ်းဆုံတွင်တိုက်မိကြခြင်းဖြစ်သည်။

ယင်းနေ့ နံနက်ပိုင်းက အသက် ၃၄ နှစ်အရွယ်ရှိ ဦးခင်မောင်တင့်ဆိုသူ၏ သွပ်မိုးထရံကာအိမ်တွင် မီးဖြတ်စက်အပူလွန်ကဲပြီး ရှော့ဖြစ်ကာ ဝါးထံရံသို့ မီးကူးစက်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ မီးလောင်မှုကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဦးခင်မောင်တင့်ကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းတွင် ပေါ့ဆစွာ အသုံးပြုမှုကြောင့် မီးလောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04