News

POST TYPE

MANDALAY

တရားရုံးအမှုပွဲစားများကို ဖော်ထုတ်အရေးယူရန်လိုအပ်ဟု တရားလွှတ်တော်ချုပ်တရားသူကြီးပြော
31-Jan-2019
နေပြည်တော်၊ ဇန်နဝါရီ ၃၀

အမှုပွဲစားများကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှုမရှိစေရန်အတွက် ၎င်းတို့၏ မမှန်မကန်လုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးစိုးနိုင်က ပြောကြားသည်။

“တရားရုံးများမှာ အမှုပွဲစားများ ကျက်စားလေ့ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေရန် အလို့ငှာ ယင်းတို့၏ မမှန်မကန် လုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိပါတယ်”ဟု ၎င်းကပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော်က တရားရုံးများတွင် အမှုပွဲစားများ ပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းချက်ကိုဖြေကြားရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

တရားရုံးများတွင် အမှုပွဲစားများသည် တရားစွဲတင်ပို့လာသော ရာဇဝတ်ကြောင်းဆိုင်ရာအမှုများ၊ တရားမကြောင်းအရ စွဲဆိုသောအမှုများတွင် အမှုအစမှ အဆုံးအထိ အဆင်ပြေစွာ ဆောင်ရွက်ပေးရေးနှင့် အမှုအနိုင်ရရှိရေးအတွက် တရားသူကြီးနှင့် နီးစပ်မှုရယူခြင်းတို့ကို ဆောင်ရွက်နေသည်ဟု ဦးစိုးနိုင်က ပြောဆိုသည်။

ပွဲစားများ ဆောင်ရွက်နေသည့်အမှုများကို တရားရုံးက ဦးစားပေး ဆောင်ရွက်စေခြင်း၊ အနိုင်ရအောင် ဆောင်ရွက်ပေးစေခြင်း၊ ရှုံးနိမ့်ခြေရှိလာလျှင် နည်းမျိုးစုံဖြင့် အမှုကြန့်ကြာစေရန်ဆောင်ရွက်ခြင်း၊ မမှန်မကန် တိုင်ကြားစေခြင်းစသည့် နည်းလမ်းများသုံး၍ ဆောင်ရွက်နေသည်ကို သိရှိနေရသောကြောင့် တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများက ပူးပေါင်းပါဝင်မှု၊ အားပေးကူညီမှု လုံးဝ မရှိစေရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တိုင်းနှင့် ပြည်နယ် တရားလွှတ်တော်နှင့် ခရိုင်၊ မြို့နယ်တရားရုံး အားလုံးသို့ သတိပေးထားပြီးဖြစ်ကြောင်း တရားလွှတ်တော်ချုပ်တရားသူကြီးက ရှင်းပြသည်။

အဆိုပါ အမှုပွဲစားများ၊ နယ်စား ရှေ့နေများကိစ္စကို ဖော်ထုတ်အရေးယူရန် ညွှန်ကြားချက်၊ ကြေညာချက်များ ယခင်ကပင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် တရားရုံးသို့ ဆက်နွှယ်ရောက်ရှိလာသူများအနေနှင့်လည်း အမှုပွဲစား၊ နယ်စား ရှေ့နေဆိုသူများနှင့်စပ်လျဉ်း၍ တရားရုံးသို့ ဖော်ထုတ်တင်ပြ တိုင်ကြားနိုင်ကြောင်းလည်း ၎င်းက တင်ပြပြောကြားသည်။

S-01