News

POST TYPE

MANDALAY

ဆိုင်ကယ်ဖောင်းကြွနံပါတ်ပြားများကို မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာ စပြောင်း
10-Jan-2019

မန္တလေး၊ ဇန်နဝါရီ ၁၀

မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ဆိုင်ကယ်များတွင် မြန်မာအက္ခရာဖောင်းကြွနံပါတ်အစား အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြားများဖြင့် ဇန်နဝါရီလ ၁၀ ရက်မှစတင်ကာ မပြောင်းမဖြစ် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လက်ရှိဆိုင်ကယ်နံပါတ်သည် အပြောင်းအလဲမရှိဘဲ မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာသို့သာ ပြောင်းလဲသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏ သင်္ကေတဖြစ်သည့် အမ်.ဒီ.ဝိုင် (MDY)စာလုံး ပါဝင်လာမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) ညွှန်ကြားရေးမှုး ဒေါ်ခင်စပယ်က ပြောကြားသည်။

“ပြောင်းဖို့ အမှန်တကယ် လိုအပ်ချက်အရ ပို့ဆောင်ရေးဝန်ကြီး စီမံခန့်ခွဲရေး အစည်းအဝေးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ဆိုင်ကယ်များအတွက် အင်္ဂလိပ်အက္ခရာနံပါတ်ပြား ထုတ်ပေးချိန်မှစတင်၍ ဆိုင်ကယ်အမြီးပိုင်း၌ ဖောင်းကြွနံပါတ်ပြားတစ်ချပ်သာ တစ်ပြေးညီ တပ်ဆင်အသုံးပြုသွားမည်ဖြစ်ပြီး ယင်းနံပါတ်ပြားတစ်ချပ်၏တန်ဖိုးသည် ၂၅၀၀ ကျသင့်၍ နေ့ချင်းပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

M-08