News

POST TYPE

MANDALAY

ပျက်စီးသီးနှံအတွက် လျော်ကြေးအမြန်ပေးရန် လက်ပံတောင်းဒေသခံများ ဆန္ဒပြ
06-Dec-2018

မုံရွာ၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းကြေးနီစီမံကိန်း အနီးကျေးရွာများမှ ဒေသခံ ၁၀၀ ကျော်သည် စီမံကိန်းမှ ထွက်ရှိသည့်အက်စစ်ကြောင့် သီးနှံများပျက်စီးခဲ့မှုနှင့် ပတ်သက်၍ အမြန်ဆုံး လျော်ကြေးပေးရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

စီမံကိန်းတွင်အသုံးပြုသည့် အက်စစ်ကျောက်ခွဲစက်မှ လွှင့်လာသည့်အမှုန်များနှင့် အက်စစ်ဓာတ်ကြောင့် ဆည်တည်းရွာ၊ မိုးကြိုးပြင်ရွာ၊ တောကျောင်းရွာ၊ တုံရွာ၊ လယ်တီရွာနှင့် ကျောက်ဖြူတိုင်ရွာတို့တွင် သီးနှံစိုက်ခင်းများနှင့် ကွမ်းခြံများပျက်စီးခဲ့မှုအပေါ် လျော်ကြေးအမြန်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။ 

“ကွမ်းခြံပေါင်း ရာချီရှိတဲ့ရွာတွေ ပါ။ ကွမ်းပိဿာချိန် ၁၆၀ ကျော် တစ်လ ၆ သိန်းရတဲ့ငွေ အက်စစ်ကြောင့် ကျောက်မှုန် ကြောင့် ကွမ်းဒိုင်က မဝယ်ဘဲ ကား ၅ စီး စာပြန်လွှတ်တယ်။ ရွာကလူတွေစီးပွားရေး ထိခိုက်မှုအများကြီးဖြစ်တယ်” ဟု ကျောက်ဖြူ တိုင်ရွာမှ ဒေသခံတောင်သူ ဒေါ်ဌေးဝင်း က ပြောဆိုသည်။

ယင်းဆန္ဒထုတ်ဖော်မှုအတွက် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ တရားဝင်စာတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် “စုံစမ်းစစ်ဆေး အစီရင်ခံစာကို မလိုက်နာသည့် စီမံကိန်းချက်ချင်းရပ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသော ကြေးနီစီမံကိန်းကို အရေးယူပေးရေး၊ အက်စစ်ဖျန်းမှုကြောင့် ထိခိုက်သွားသော သီးနှံများအတွက် လျော်ကြေးအမြန်ရရေး၊ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး”စသည့်တို့ကိုကြွေးကြော်ကာ ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ ဆန္ဒထုတ်ဖော်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တိုင်းစိုက်ပျိုးရေးဦးစီးဌာနက ကောက်ယူခဲ့သည့် စာရင်းများအရ လက်ပံတောင်း ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများမှ နှမ်းစိုက်ခင်းဧက တစ်ရာကျော်ထိခိုက် ပျက်စီးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါစီမံကိန်းအနီး မိုးကြိုးပြင်နှင့် ဆည်တည်းရွာဟောင်းတွင် စိုက်ပျိုးခဲ့သည့် နှမ်းခင်းနှင့် ပဲစင်းငုံပင်များ သေဆုံးမှုအပြင် တမာပင်၊ မန်ကျည်းပင်စသည့် အပင်ကြီးများပါ အရွက်များခြောက်သွေ့ ကြွေကျခြင်းကြောင့် ဒေသခံများက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနထံ အသိပေးတိုင်ကြားခဲ့ပြီးနောက် ယင်းဌာနက နိုဝင်ဘာလအတွင်းက သုံးရက်ကြာ လေထုတိုင်းတာရေးကို လုပ်ဆောင်ခဲ့သည်။

R-08