News

POST TYPE

MANDALAY

ဘူးသီးတောင်တွင် နယ်ခြားစောင့်ရဲတပ်သားတစ်ဦး သေနတ်ကျည်ပေါက်၍ သေဆုံး
04-Dec-2018
စစ်တွေ၊ ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ မြို့နယ် စိုက်ပျိုးရေးရုံးဝင်းအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့် ရဲတပ်သားတစ်ဦးသည် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းအချိန်တွင် ၎င်း၏ သေနတ်မှ ကျည်မတော်တဆထွက်၍ ဦးခေါင်းကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဘူးသီးတောင်မြို့မ ရဲစခန်းမှ သိရသည်။

သေဆုံးသွားသည့် ရဲတပ်သား စိုးငြိမ်းဦး (အသက် ၂၇ ခန့်) မှာ မိမိကိုင် ဆောင်ထားသည့် G3 မောင်းပြန် သေနတ်မှ မတော်တဆ ကျည်ပေါက်ထွက်သွားသဖြင့် မေးစေ့မှ ဦးခေါင်းထိ ဖောက်ထွက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

“ကိုယ့်ဟာကို လုပ်ကြံသွားတာလား၊ ကျည်ပေါက်ထွက်သွားတာလား ဆိုတာတွေကိုတော့ သက်သေတွေကို စစ်ဆေးနေတုန်းပါပဲ၊ ဖြစ်စဉ်အသေးစိတ်တော့ ပြောလို့ရမှာ မဟုတ်သေးဘူး”ဟု မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသောင်းကြွေကပြောသည်။

ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေး ရုံးခြံဝင်းအတွင်း၌ လုံခြုံရေးကင်း တာဝန်ထမ်းဆောင်ရန် တာဝန်ချပေးထားခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသည့် ရဲတပ်သားမှာ ရသေ့တောင်မြို့နယ်ဇာတိဟု ကြားသိရကြောင်း ၎င်းကဆက်၍ဆိုသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပေါက်တောမြို့နယ် မြို့မ ရဲစခန်း၌ တာဝန်ကျနေသည့် ရဲတပ်သား အောင်မြင့်သိန်းသည် စခန်းရှိ လူပျိုဆောင်တွင် မိမိကိုယ်ကိုယ် သေနတ်ဖြင့်လုပ်ကြံပြီး သေဆုံးခဲ့သည်။

R-22