News

POST TYPE

MANDALAY

မန္တလေးတွင် ယာဉ်ရပ်နားမှု စနစ်တကျ ဖြစ်စေရန် စီမံချက်ရေးဆွဲ
15-Nov-2018


မန္တလေး၊ နိုဝင်ဘာ ၁၄

မန္တလေးမြို့တော်ရှိ ပလက်ဖောင်းများနှင့် လမ်းများပေါ်တွင် ယာဉ်ရပ်နားမှု စနစ်တကျဖြစ်စေရန်နှင့် အများပြည်သူအသုံးပြုရာတွင် စနစ်တကျဖြစ်စေရေးအတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံချက်ရေးဆွဲနေပြီဖြစ်ကြောင်း ယင်းကော်မတီဝင်များထံမှ သိရသည်။

“ပလက်ဖောင်းနဲ့ ယာဉ်သွားလာမှုတွေ စနစ်တကျဖြစ်အောင် လုပ်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့ပြီးလုပ်မှာ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

လက်ရှိတွင် ပလက်ဖောင်းပေါ်၌ မီးစက်များထားရှိခြင်း၊ ဆိုင်များခင်း၍ ရောင်းချနေခြင်းတို့ကြောင့် ပလက်ဖောင်းများ ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေပြီး လမ်းပေါ်၌ ယာဉ်များ နှစ်ထပ်ရပ်ခြင်း၊ စည်းကမ်းမဲ့ ရပ်ထားခြင်းများရှိနေသောကြောင့် အသုံးချ၍မရကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါကော်မတီတွင် လမ်းတံတားဌာန၊ ဦးစားပေးလုပ်ဆောင်မည့် မြို့နယ်သုံးခုမှ စည်ပင်ကော်မတီဝင်များ၊ အဆောက်အအုံဌာန၊ မြို့ပြစီမံကိန်းဌာနမှ ကျွမ်းကျင်ပညာရှင်နှင့် အင်ဂျင်နီယာများ ပါဝင်မည်ဖြစ်ကြောင်း၊ အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့တွင် ဦးစားပေးလုပ်မည်ဖြစ်ကာ လမ်း ၈၀ မှ ၈၄ လမ်းကြား၊ ၂၆ လမ်းမှ ၃၅ လမ်းကြားကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါဧရိယာတွင်ပါဝင်နေသော ၃၁ လမ်းကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း လုပ်ငန်းစီမံချက်အရ သိရသည်။

မန္တလေးမြို့တော်စည်ပင်အနေနှင့် ပလက်ဖောင်းများ ဖော်ဆောင်ရာတွင် မြို့တော်နေပြည်သူများ၏ အိမ်ရှေ့တွင်လည်း အိမ်ရှင်များ၏ဆန္ဒအတိုင်း ကားအဝင် အထွက်ပြုလုပ်ရန် စီစဉ်ပေးမည်ဖြစ်ကာ ကုန်ကျစရိတ်ကို အိမ်ရှင်များကကျခံရမည်ဖြစ်ကြောင်း၊ လမ်းများတွင် ယာဉ်ရပ်နားနိုင်မည့်နေရာများကို မျဉ်းလိုင်းများ ဆွဲပေးထားမည်ဖြစ်၍ အဆိုပါမျဉ်းလိုင်းအတွင်း မရပ်နားပါက ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကစစ်ဆေးကာ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ယင်းစီမံချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ၈၂ လမ်းကို နိုင်လွန်လမ်းခင်းနေပြီဖြစ်ရာ လုပ်ငန်းပြီးစီးပါက ၈၂၊ ၈၃ နှင့် ၈၃ လမ်းတို့ကို နှစ်လမ်းမောင်း စနစ်ပြုလုပ်မည်ဖြစ်ကြောင်း၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးအနီး ၂၉ လမ်းနှင့် လမ်း ၃၀ တွင်လည်း စနစ်တကျ ယာဉ်ရပ်နားနိုင်မည့် ကားပါကင်ပြုလုပ်ရန်ရှိကြောင်း ဦးကျော်ဆန်းမြင့်က ထပ်လောင်းပြောကြားသည်။

မန္တလေးမြို့တော်စည်ပင်အနေနှင့် စမတ်စီးတီး ဖြစ်လာစေရန်ရည်ရွယ်ကာ လမ်းများကို နိုင်လွန်ကတ္တရာခင်းနေသည့်အပြင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများကိုလည်း ဆယ်ယူလျက်ရှိပြီး မြို့တော်စိမ်းလန်း စိုပြည်ရေးအတွက် ပန်းဥယျာဉ်အသေးစားများ ဖော်ဆောင်လျက်ရှိသည်။

M-07