News

POST TYPE

MANDALAY

မြန်မာ့ပထမဆုံး ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲတွင် မြန်မာကစားသမား ဒုတိယဆုရ
12-Nov-2018


မန္တလေး၊ နိုဝင်ဘာ ၁၁

မန္တလေးမြို့တော်၌ကျင်းပသည့် မြန်မာ့ပထမဆုံး ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲ အသက် ၁၉ နှစ်အောက် အငယ်တန်းပြိုင်ပွဲတွင် မြန်မာစက်ဘီးသမားက ဒုတိယဆုရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ရာ အမျိုးသားအငယ်တန်း ၁၉ နှစ်အောက်ပြိုင်ပွဲ (အပတ်ရေ ၂၀)၊ အမျိုးသား ၂၃ နှစ်အောက် (အပတ် ရေ ၃၀)၊ အလွတ်တန်းပြိုင်ပွဲ (အပတ်ရေ ၃၀) နှင့် မာစတာတန်းပြိုင်ပွဲ (အပတ်ရေ ၂၀) တို့ ထည့်သွင်းကျင်းပခဲ့သည်။

အငယ်တန်းပြိုင်ပွဲတွင် ကမ္ဘောဒီးယား ကစားသမား Chanthou Kim က ရမှတ် ၆၆ မှတ်ဖြင့် ပထမနေရာရယူနိုင်ခဲ့ပြီး မြန်မာကစားသမား ကောင်းဝေလျှံက ရမှတ် ၄၀ ဖြင့် ဒုတိယ၊ ကမ္ဘောဒီးယား ကစားသမား Savin Von က ရမှတ် ၂၃ မှတ်ဖြင့် တတိယဆု ရရှိခဲ့ကြသည်။

“စက်ဘီးမြို့တော်လို့ လူသိများတဲ့ ကျွန်တော်တို့မန္တလေးမှာ မြန်မာပထမဆုံး ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ ကျောင်းသားတွေကို ဖိတ်ခေါ်ထားတဲ့အတွက် ပြိုင်ပွဲကိုကြည့်ရှုအားပေးကြရင်း လူငယ်တွေအနေနဲ့ စက်ဘီးအားကစားအပါအဝင် အခြားအားကစားနည်းတွေကိုလည်း ပိုပြီးစိတ်ဝင်စားမှုရှိလာကြမှာပါ”ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မှတ်ချက်ပြုပြောကြားသည်။

အပတ်ရေ ၃၀ စီးနင်းယှဉ်ပြိုင်ရသည့် အမျိုးသား ၂၃ နှစ်အောက်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ Gui Tengda က ရမှတ် ၅၀ ဖြင့် ပထမ၊ ကမ္ဘောဒီးယားနိုင်ငံမှ Phyuth Yoeun က ရမှတ် ၄၂ မှတ်ဖြင့် ဒုတိယရခဲ့ပြီး အိန္ဒိယနိုင်ငံမှ Krishna Nayakodi က ရမှတ် ၄၁ မှတ်ဖြင့် တတိယဆုရရှိခဲ့သည်။

အသက် ၄၀ နှစ်အောက် အလွတ် တန်းပြိုင်ပွဲတွင် ဦးကျော်ထွန်းဦးက ရမှတ် ၇၄ မှတ်ဖြင့် ပထမဆု ဆွတ်ခူးခဲ့ကာ၊ အသက် ၄၀ နှစ်အထက် မာစတာတန်း ပြိုင်ပွဲကို အမှတ်စနစ်ဖြင့်မဆုံးဖြတ်ဘဲ ကစားသမားများ၏ ပန်းဝင်ချိန်ဖြင့်ဆုံး ဖြတ်ခဲ့ရာ ဦးခင်မောင်ချိုက အပတ်ရေ ၁၀ ပတ်ကို စံချိန် ၃၄ မိနစ် ၁၉ စက္ကန့်ဖြင့် ပထမဆု ရရှိခဲ့ပါသည်။

အဆိုပါပြိုင်ပွဲသို့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ စက်ဘီးစီးသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြသည်။

M-04