News

POST TYPE

MANDALAY

ဆူးလေရှန်ဂရီလာဟိုတယ်တွင် နိုင်ငံခြားသားတစ်ဦး သေကြောင်းကြံစည်
18-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်မြို့လယ်ကောင်ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ကော်စတာရီကာနိုင်ငံသား အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မိမိကိုယ်ကိုယ် သတ်သေရန် သေကြောင်းကြံစည်ခဲ့သူ ကော်စတာရီကာ နိုင်ငံသား အသက် ၄၄ နှစ်အရွယ် အမျိုးသားမှာ ယင်းဟိုတယ် ၁၂ လွှာရှိ အခန်းတစ်ခန်းတွင် တည်းခိုနေသူဖြစ်ပြီး ငွေကြေးလိမ်လည်မှုဖြင့် တိုင်ကြားခံရသောကြောင့် ရဲတပ်ဖွဲ့က ၎င်းတည်းခိုနေသည့်အခန်းသို့ သွားရောက်စစ်ဆေးစဉ် သန့်စင်ခန်းအတွင်း ကြမ်းပြင်ပေါ်တွင် သတိလစ်လဲကျနေသည့် ယင်းနိုင်ငံခြားသားကို တွေ့ရှိခဲ့သည်။

“နိုင်ငံခြားသား တည်းခိုနေတဲ့ အခန်းကိုသွားစစ်တော့ တံခါးက လော့ခ်ချထားတယ်။ ဖျက်ပြီးအထဲဝင်စစ်ဆေးတော့လည်း အခန်းထဲမှာ ဘယ်သူမှ မတွေ့ခဲ့ဘူး။ ဒါနဲ့ ထပ်စစ်ဆေးကြည့်တော့ တံခါးလော့ခ်ချထားတဲ့ အိမ်သာထဲမှာ ကြမ်းပြင်ပေါ် သတိလစ်ပြီး လဲကျနေတဲ့ ကော်စတာရီကာနိုင်ငံခြားသားကို တွေ့ခဲ့တယ်။ အဲဒီအိမ်သာထဲမှာပဲ နိုင်လွန်ကြိုးနဲ့ ကြိုးဆွဲချထားတဲ့ အနေအထားကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဒိုင်ရာစီပင်ဆေးကတ်ခွံနှစ်ခုကိုပါ သိမ်းဆည်းရမိခဲ့တယ်” ဟု ကျောက်တံတား မြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ သေကြောင်းကြံစည်ခဲ့သူ ကော်စတာရီကာနိုင်ငံသားက ၎င်းမှာ ရှန်ဂရီလာဟိုတယ် မန်နေဂျာဟု လီဆယ်ပြောဆိုပြီး ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးထံမှ ဒေါ်လာ ၃၃၀၀ ကို လိမ်ယူခဲ့သည်ဟု ယင်းဟိုတယ်ရှိ မန်နေဂျာဖြစ်သူထံ ဗြိတိန်နိုင်ငံသားက တိုင်ကြားလာသဖြင့် ဟိုတယ်မှ တာဝန်ရှိသူများနှင့် ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကော်စတာရီကာနိုင်ငံသား တည်းခိုနေသည့်အခန်းထဲသို့ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ငွေကြေးလိမ်လည်မှုကြောင့် သေကြောင်းကြံစည် ခဲ့တယ်ဆိုတာတော့ ဟုတ်မဟုတ်ကို လက်ရှိစုံစမ်းစစ်ဆေးနေတုန်းပဲ” ဟု ရဲအရာရှိက ဆိုသည်။

သတိလစ် မေ့မြောနေသည့် ကော်စတာရီကာနိုင်ငံသား အမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားပြီး လတ်တလောတွင် ယင်းအမှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ သိရသည်။

S-03