News

POST TYPE

MANDALAY

သရပါဟိုတယ်မှ အလုပ်သမားများကို ပြစ်ချက်များရှိ၍ လူလျှော့ခြင်းဟု ဟိုတယ်ဘက်ကရှင်းလင်း
17-Oct-2018



ချောက်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သရပါဟိုတယ်မှ ဝန်ထမ်းများကို အလုပ်ထုတ်ခြင်းသည် လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းခွင်အတွင်း ပြစ်ချက်များရှိနေ၍ဖြစ်ကြောင်း ယင်းဟိုတယ်ကိုယ်စားလှယ် ဦးသောင်းတန်က ဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က သရပါဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“Working Performance လုပ်ငန်းစွမ်းဆောင်ရည် မကောင်းတဲ့ အနိမ့်ဆုံးလူတွေကိုပဲရွေးပြီး ပယ်ထုတ်ခဲ့ခြင်းဖြစ်တယ်။ လုပ်သက်အရကြည့်မယ်ဆိုရင်တော့ မှန်သလိုလိုရှိတယ်။ လူလျှော့တယ်ဆိုတာက ကျစ်လျစ်အောင်လုပ်တာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ရှိတဲ့ ဝန်ထမ်းတွေရှိမှသာလျှင် ပိုပြီး ကျစ်လျစ်တဲ့လုပ်ငန်းရမှာ။ ဒါကြောင့် လုပ်သက်ကို ခဏမေ့ထားတာ”ဟု ၎င်းက ပြောဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ကျဆင်းလာသည့်အတွက် လက်ရှိဟိုတယ်ဝန်ထမ်းများအတွင်းမှ ၁၀ ရာခိုင်နှုန်းကို လျှော့ခြင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သရပါဟိုတယ်အလုပ်ရှင်ကိုယ်စားလှယ် ဦးမြင့်မြတ်ထူးသူရက ပြောဆိုသည်။

ယခုလျှော့ချလိုက်သည့် ဝန်ထမ်း ၁၂ ဦးကို နောက်ဆုံးလစာပေးထားသည့်အပြင် ကြိုတင်အကြောင်းမကြားသည့်အတွက် လုပ်သက်နှစ်အလိုက်နစ်နာကြေးအဖြစ် ဝန်ထမ်းတစ်ဦးလျှင် ကျပ် ၈ သိန်း မှ ၂၀ အထိ ပေးအပ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

သရပါဟိုတယ်မှ အလုပ်ရပ်နားလိုက်သည့် ဝန်ထမ်း ၁၂ ဦးသည် လုပ်သက်ရှိသူများဖြစ်သည့်အပြင် လုပ်ငန်းစွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး ဟိုတယ်မှ အလုပ်ထုတ်ပယ်လိုက်သည့်အတွက် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ၏ စားဝတ်နေရေး ဂုဏ်သိက္ခာများ ထိခိုက်မှုမရှိစေရန်အတွက် ဟိုတယ်အား အကြိမ်ကြိမ်တောင်းပန်ခြင်း၊ လိုက်လျောမှုများပေးခြင်း၊ ဆွေးနွေးမှုများ ပြုလုပ်သည့်ကြားမှ အလုပ်မှရပ်နားခြင်းသည် အလုပ်သမဂ္ဂအဖွဲ့အစည်းကို ဖြိုခွင်းလိုသည့်ဆန္ဒကြောင့်သာဖြစ်ကြောင်း ပုဂံမြို့နယ် ဟော်တယ်ချစ်သူများ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးဦးနေမျိုးဝင်းက ဆိုသည်။

ထိုသို့ အလုပ်သမား ၁၂ ယောက် အလုပ်ထုတ်ခံရသည့်အတွက် လူအင်အား ၁၀၀ ခန့်သည် အောက်တိုဘာလ ၁၂ ရက် နေ့ သပိတ်စခန်းဖွင့်လှစ်ထားပြီး ယင်းအလုပ်သမားများအတွင်းမှ ၃ ဦးမှာ ၎င်းတို့ ဆန္ဒအလျောက် အလုပ်မလုပ်လိုတော့သည့်အတွက် ထွက်ခွာသွားကာ ၃ ဦးကို အလုပ်ပြန်လည်ခန့်အပ်၍ ကျန် ၆ ဦးကို ဆက်စပ်လုပ်ငန်းများတွင် အလုပ်အကိုင်ပြန်ပေးမည် (သို့မဟုတ်) သင်တန်းများစေလွှတ်မည်ဟု သရပါဟိုတယ်မှ စာပေးပို့ထားကြောင်း ပုဂံမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောကြားသည်။

သို့သော်ယခု အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများဘက်ကမူ ကျန်ရှိနေသည့် ဝန်ထမ်းများကို နဂိုရာထူးများအတိုင်း အလုပ်ပြန်ခန့်ရန် လိုလားလျက်ရှိသည်။

R-24