News

POST TYPE

MANDALAY

လုံခြုံရေးနှစ်ဦးက နေအိမ်ထဲရှိ ကျောပိုးအိတ်ကို ခိုးယူ
09-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၈

ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ စာပုံနှိပ်စက်ခြံဝင်းတွင် လုံခြုံရေးဆောင်ရွက်ရန် ငှားရမ်းထားသည့် အမျိုးသားနှစ်ဦးက ယင်းခြံဝင်းထဲရှိ နေအိမ်အတွင်းမှ ကျောပိုးအိတ်တစ်လုံးကို ခိုးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေကျပ် ၅ သိန်း၊ ချက်လက်မှတ်စာအုပ်၊ ATM ကတ်များ ထည့်ထားသည့် ကျောပိုးအိတ်ကို ခြံဝင်းထဲ လုံခြုံရေးဆောင်ရွက်ရန် ငှားရမ်းထားသည့် အမျိုးသားနှစ်ဦးက အောက်တိုဘာလ ၅ ရက် နံနက် ၅ နာရီခန့်က ခိုးယူခဲ့သည်ကို ယင်းခြံဝင်းအတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းအရ သိရှိရကြောင်း ရဲအရာရှိက ပြောသည်။ 

“အိမ်ရှင်က သူ့ကျောပိုးအိတ် ပျောက်သွားလို့ လုံခြုံရေးကုမ္ပဏီဆီ ဖုန်းဆက်ပြီး ခြံထဲမှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းကို ဖွင့်ပြခဲ့တယ်။ ခိုးမှုကျူးလွန်တဲ့ လုံခြုံရေးနှစ်ယောက်ထဲက တစ်ယောက်ကို ဖမ်းဆီးထားပြီးပြီ”ဟု ရဲအရာရှိက ရှင်းပြသည်။

နေအိမ်အိပ်ခန်းထဲရှိ ကျောပိုးအိတ်ကို ခိုးယူခဲ့သော လုံခြုံရေးဝန်ထမ်းနှစ်ဦးမှ ဖမ်းမိထားသူ အသက် ၁၉ နှစ်အရွယ် အမျိုးသားနှင့် လွတ်မြောက်နေသူတစ်ဦးတို့ကို အောက်တိုဘာလ ၆ ရက်နေ့က ဒဂုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၁/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03