News

POST TYPE

MANDALAY

မြေကျွံခဲ့သည့် ပုပ္ပားတောင်ကလပ်တွင် မြေလွှာရွေ့လျားမှုများဖြစ်
08-Oct-2018
မန္တလေး၊ အောက်တိုဘာ ၇

ပုပ္ပားတောင်ကလပ်၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက မြေကျွံကျမှုများဖြစ်ပွားခဲ့ခြင်းကြောင့် အောင်သိဒ္ဓိကုန်းနေရာအပါအဝင် သုံးနေရာ၌ မြေလွှာရွေ့လျားမှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

မြေကျွံမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းအချိန်ကစ၍ မြေလွှာရွေ့လျားမှု ရှိ မရှိ သိနိုင်ရန် လစဉ်တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း၊ တိုင်းတာမှုရလဒ်များအရ ရွေ့လျားမှုများဖြစ်ပေါ်နေသည်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“မိုးလည်းကုန်တော့မှာဆိုတော့ ထပ်မရွေ့နိုင်တော့ဘူး။ မိုးရွာရင်တော့ ရွေ့နေဦးမှာ။ စင်တီမီတာ အနည်းငယ်လောက်ရွေ့တာဆိုပေမယ့် ဂရုစိုက်ရတော့မယ်”ဟု ဦးသန်းထွန်းက သတိပေးပြောဆိုသည်။

ထိုသို့ ရွေ့လျားမှုများဖြစ်ပေါ်နေသည့် နေရာသည် အောင်သိဒ္ဓိကုန်းနေရာ၊ အောင်သိဒ္ဓိကုန်းအရှေ့မြောက်ဘက်နှင့် တောင်ခြေတို့ဖြစ်ရာ အောင်သိဒ္ဓိကုန်းနေရာ မြေကျွံခြင်းနှင့်ပတ်သက်သည့် နောက်ဆုံး အစီရင်ခံစာကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ စက်တင်ဘာနောက်ဆုံးပတ်က တင်ပြထားသည်ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းထံမှ သိရသည်။ 

အဆိုပါအစီရင်ခံစာတွင် အပေါ်ယံမျက်နှာပြင်၌ ရေလမ်းကြောင်းများ ဖော်ဆောင်ရန်၊ လူမနေသည့် အဆောက်အအုံများကိုဖယ်ရှား၍ အလေးချိန်လျှော့ချခြင်းများပြုလုပ်ရန်၊ မြေအောက်ရေဝင်ရောက်မှုများကို တားဆီးရန် အကြံပြုထားပြီး လေ့လာတွေ့ရှိချက်များနှင့် သုံးသပ်ချက်များ၊ လုပ်ဆောင်ရမည့်အချက်များ ပါဝင်ကြောင်းလည်း သိရသည်။

ပုပ္ပားတောင်သည် ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။ 

M-05


  • VIA