News

POST TYPE

MANDALAY

မန္တလေးတွင် သိန်းငှက်လုံခြုံရေးစီမံချက် ဆက်လုပ်မည်
27-Sep-2018
မန္တလေး၊ စက်တင်ဘာ ၂၆

မန္တလေးမြို့တော်လုံခြုံရေးအတွက် လုပ်ဆောင်ခဲ့သော သိန်းငှက်အမည်ရှိ အထူးစီမံချက် စက်တင်ဘာလ ၂၃ ရက်နေ့က ရက်ကိုးဆယ် ပြည့်သွားခဲ့ပြီဖြစ်သော်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“စစ်ဆင်ရေးက ပြည့်သွားပြီ ဆိုပေမယ့် ကျွန်တော်တို့မရပ်ပါဘူး။ အခြားနာမည်နဲ့ ထပ်လုပ်ပါမယ်။ ဒီစစ်ဆင်ရေးက လူအင်အားသုံးရပါတယ်။ ဆက်လုပ်ဖို့လည်း လူအင်အားတောင်းထားတာရှိပါတယ်။ စစ်ဆင်ရေးကာလမှာလည်း စိတ်ဝင်စားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါလာတာရှိတယ်။ ရဲတပ်ဖွဲ့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေရှိတယ်။ ကျွန်တော်တို့မှာက သီးသန့်ဘတ်ဂျက် မရှိတဲ့အတွက် ကိုယ့်ဟာကိုဖြည့်ရပါတယ်။ အဲ့ဒါတွေလည်းလုပ်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် စစ်ဆင်ရေးကာလအတွင်း ရဲတပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများသာမက လက်ကား ရောင်းချသူများကိုလည်း ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လုယက်မှု၊ ဓားထိုးမှုများမှ ကျူးလွန်သူများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးနိုင်ခဲ့မှုများရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ရဲတပ်ဖွဲ့အနေနှင့် ကြိုတင်ကာကွယ်မှုဟု ခေါ်ဆိုသည့် လက်နက်ပုန်းမှု၊ ရမ်းကားမှု၊ လုယက်မှု၊ ခိုးမှုတို့ကဲ့သို့သော အမှုပေါင်း ၃၈၀၀ ကျော်အထိ ဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူ ၄၁၀၀ ကျော်အထိ ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စာရင်းများအရလည်း သိရသည်။ 

မူးယစ်ဆေးဝါး ၁၅၈ မှု ဖမ်းဆီးနိုင်ခဲ့ရာတွင် အမျိုးသား ၂၂၃ ဦး၊ အမျိုးသမီး ၃၈ ဦးကို အမှုဖွင့်ထားကာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ကျပ် ၁၃၃၃ သန်းကျော်အထိ ရှိခဲ့ကြောင်း ယင်းစာရင်းတွင် ဖော်ပြထားသည်။ 

M-04


  • VIA