News

POST TYPE

MANDALAY

လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှု ပြန်စစ်
21-Sep-2018
မုံရွာ၊ စက်တင်ဘာ ၂၀

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့သည့် ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာမှ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုကို နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားခဲ့ရာ ယင်းအမှုကို ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တိုင်ကြားသူနှင့် သက်သေများကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ဆေးမှုကို ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ရဲမှူးငွေထွန်းက သမ္မတထံတိုင်စာပေးပို့ခဲ့သည့် မိုးကြိုးပြင် အလယ်ရွာမှ ဦးဝင်းကျော်၊ ဒေါ်ခင်မာအေးနှင့် သက်သေ ၁၀ ဦးတို့ကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ၌ ဆင့်ခေါ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့သည့်အမှုကို ဆားလင်းကြီး မြို့နယ်တရားရုံးက ၂၀၁၅ ခုနှစ်၊ ဩဂုတ်လအတွင်းက အမှုပိတ်သိမ်းခဲ့၍ မကျေနပ်သဖြင့် စာချွန်တော်ပေးပို့တိုင်ကြားရာ ယခုနှစ်ဆန်းပိုင်းတွင် ပယ်ချခံရသည်ကို မကျေနပ်သဖြင့် ဩဂုတ်လ ၁၈ ရက်နေ့က မုံရွာမြို့သို့လာရောက်သည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း စာပေးတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူဒေါ်ခင်ဝင်း၏ ယောက်မတော်စပ်သူလည်းဖြစ်သည့် ဒေါ်ခင်မာအေးက ပြောကြားသည်။

“ကျွန်မရဲ့အစ်မ ဒေါ်ခင်ဝင်းက ကုမ္ပဏီခြံစည်းရိုးခတ်တာ သူ့ယာမြေပါ မပါသွားကြည့်တာကို ဝမ်ပေါင်ကုမ္မဏီ လုံခြုံရေးယူထားတဲ့သူတွေက သေနတ်နဲ့ပစ်သတ်ခဲ့လို့ မကျေနပ်တာပါ။ သူဆန္ဒပြနေတာမဟုတ်ဘူး။ လုံခြုံရေးဘက်က သတိပေးတာမရှိဘူး။ ရော်ဘာကျည်နဲ့ပစ်လို့ ဒဏ်ရာရသူတွေလည်း အများကြီးရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ဒုတိယအကြိမ် ခြံစည်းရိုးခတ်ရာတွင် ဒေသခံတောင်သူများ၏ လျော်ကြေးရယူထားခြင်းမရှိသော လယ်ယာမြေများပါဝင်သွား၍ ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးများနှင့် ဒေသခံများ ပဋိက္ခဖြစ်ပွားစဉ် ဒေါ်ခင်ဝင်းမှာ ဦးခေါင်း၌ သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ခြင်းလည်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

အဆိုပါသေဆုံးမှုကို ဆားလင်းကြီး မြို့မရဲစခန်းတွင် လူသေမှုဖြင့် လက်ခံထားပြီး ဆေးစစ်ချက်ထွက်ပေါ်လာမှသာ လူသတ်မှုအဖြစ် ပြောင်းလဲလက်ခံခဲ့သော်လည်း မြို့နယ်တရားရုံးက ယင်းမာပင်ခရိုင် ဥပဒေအရာရှိ၊ ယင်းမာပင်ခရိုင် ရဲမှူးကြီးတို့၏မှတ်ချက်ဖြင့် အမှုကိုပိတ်ခဲ့ကြောင်း ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ ရှေ့နေအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သည့် ရှေ့နေများကွန်ရက်ထံမှ သိရသည်။

R-08



  • VIA