News

POST TYPE

MANDALAY

မန္တလေးစည်ပင်လုပ်ငန်းအချို့ အွန်လိုင်းမှ လုပ်ဆောင်နိုင်ရန်စီစဉ်
18-Sep-2018

မန္တလေး၊ စက်တင်ဘာ ၁၇

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ဌာန ၁၄ ခု အနက် အချို့ဌာနများသို့ လူကိုယ်တိုင်သွားရန်မလိုဘဲ အွန်လိုင်းမှလုပ်ဆောင်နိုင်ရေး စီစဉ်နေကြောင်း ယင်းကော်မတီဝင်များက ပြောကြားသည်။

သန့်ရှင်းရေးဌာနတွင် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ တည်းခိုခန်းလိုင်စင် လျှောက်ထားခြင်း စသည့်လုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ကာ ငွေပေးသွင်းနိုင်မည်ဖြစ်ပြီး အခွန်ဌာနရှိ ရေခွန်၊ မီတာ၊ အိမ်ခွန် စသည်တို့ကိုလည်း အောက်တိုဘာလကစ၍ အွန်လိုင်းမှတစ်ဆင့် ငွေပေးဆောင်နိုင်တော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျက ပြောဆိုသည်။

ယခုကဲ့သို့ အွန်လိုင်းမှပေးဆောင်ခြင်းသည် ခေတ်မီမြို့ပြ (Smart City) ဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မြို့ပြများတွင် လူဦးရေထူထပ်လာသည်နှင့်အမျှ ရေ၊ လေ၊ မီး၊ စွမ်းအင် စသည့်အရင်းအမြစ်များ သည် Limitation (ကန့်သတ်မှု၊ ရှားပါးမှု) များရှိလာကြောင်း၊ ယင်းကဲ့သို့ရှားပါးမှုကို နည်းပညာဖြင့်ဖြေရှင်းခြင်းသည် Smart City ထူထောင်ခြင်းပင်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးရဲမြတ်သူက ဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် လျှပ်စစ်မီတာခများကို အွန်လိုင်းမှပေးဆောင်နိုင်ရန် စီစဉ်ပေးထားသော်လည်း သိရှိသူနည်းပါးကြောင်း၊ သိရှိသူများကလည်း အွန်လိုင်းမှတစ်ဆင့်မပေးဘဲ ဝန်ဆောင်ခဖြင့် ပေးဆောင်နေကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် လုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် အခွန်ပေးဆောင်ခြင်းသာမက စည်ပင်ရုံးသို့ လာရောက်ကြသူများအတွက် အဝင်အထွက်အသုံးပြုနိုင်မည့် ကတ်စနစ် Visitor Control System နှင့် စည်ပင်ရုံးရှိ အချက်အလက်များကို မြို့နယ်ရုံးများအကြား ခွဲဝေအသုံးပြုနိုင်မည့်စနစ် Internet of Things -IOT Network ကိုလည်း လုပ်ဆောင်နေကြောင်း ကော်မတီဝင် ဦးကျော်ဇေယျက ထပ်မံပြောဆိုသည်။ 

M-07