POST TYPE

MANDALAY

မန္တလေးတွင် NLD အစိုးရကို အယုံအကြည်မရှိကြောင်း စာရွက်များလိုက်ကပ်
05-Sep-2018


မန္တလေး၊ စက်တင်ဘာ ၅

မန္တလေးမြို့တွင်းရှိ ဓာတ်တိုင်များတွင် ကုလသမဂ္ဂ (UN) နှင့် NLD အစိုးရကို အယုံအကြည်မရှိကြောင်း ရေးသားဖော်ပြထားသည့် စာရွက်များကပ်ထားသည်ကို စက်တင်ဘာလ ၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်က စတင်တွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့က လိုက်လံသိမ်းဆည်းခဲ့ရကြောင်း မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်က ပြောကြားသည်။

မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လမ်းဘေးဓာတ်တိုင်များတွင် ယင်းစာရွက်များကို အမျိုးသားတစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် လိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါစာရွက်များ လိုက်ကပ်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဓာတ်တိုင်များတွင် ကပ်ထားသည့်စာရွက်များ၌ မြန်မာနိုင်ငံအတွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော UN အလိုမရှိ၊ NLD အစိုးရကို အယုံအကြည်မရှိ၊ မြန်မာနိုင်ငံတွင် ခိုးဝင်ဘင်္ဂါလီသာရှိသည် ရိုဟင်ဂျာ တိုင်းရင်းသားဆိုတာမရှိ၊ မြန်မာ့သမိုင်းကို သွေးဖြင့်ဆေးမည် စသည်တို့ကို မြန်မာ- အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။

“ခုလောလောဆယ်အချိန်အထိတော့ ဘယ်သူလုပ်တယ်ဆိုတာ ကျွန်တော်တို့ မဖော်ထုတ်နိုင်သေးဘူး။ တွေ့ပြီဆိုရင် ဖမ်းဆီးစစ်ဆေးပြီး အရေးယူမှာပါ”ဟု ရဲမှူးတင်ထွန်းအောင်က ထပ်မံပြောဆိုသည်။

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ နိုင်ငံတကာက ပြောဆိုမှုများရှိနေပြီး တပ်မတော်ကို နိုင်ငံတကာ ခုံရုံးတင်စစ်ဆေးရန် တောင်းဆိုမှုများလည်းရှိနေသည်။

ယင်းသို့ နိုင်ငံတကာက ပြောဆိုမှုများနှင့်ပတ်သက်ပြီး မြန်မာ့လူထုကြားတွင်လည်း အမြင်အမျိုးမျိုးဖြင့် သဘောထား ကွဲလွဲကာ လူမှုကွန်ရက် စာမျက်နှာများတွင် ငြင်းခုံလျက်ရှိသည်။

M-04