News

POST TYPE

MANDALAY

ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးမည်ပြော၍ သီဟတင်စိုးကမုဒိမ်းမကျင့်ခဲ့ဟု ထွက်ချက်ပေးခဲ့ရကြောင်း မခင်မာမြင့်က တရားခွင်၌အစစ်ခံ
05-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၅ 

အမှန်တစ်ကယ် အဓမ္မပြုကျင့်ခံခဲ့ရသော်လည်း ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးမည်ပြော၍ သရုပ်ဆောင် သီဟတင်စိုးက မုဒိမ်းမကျင့်ခဲ့ဟု ထွက်ချက်ပေးခဲ့ရကြောင်း အိမ်အကူ မခင်မာမြင့်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးရှိ တွဲဖက်တရားသူကြီးရှေ့တွင် အစစ်အဆေးခံရာ၌ ထွက်ဆိုခဲ့သည်။

“ရဲတွေက အမှန်အတိုင်းပြောရင် ပြန်လွှတ်ပေးမယ်လို့ပြောလို့၊ နင်တို့မိသားစုကို ဖမ်းမယ်လို့ခြိမ်းခြောက်လို့ သီဟတင်စိုးက မုဒိမ်းမကျင့်ပါဘူးလို့ပြောခဲ့တာ။ အမှန်အတိုင်းက သီဟတင်စိုးက မုဒိမ်းကျင့်လို့ ရဲစခန်းလာတိုင်တာ။ သမီးကစော်ကားခံရတာ။ သမီးက မကျေနပ်ဘူး”ဟု မခင်မာမြင့်က ထွက်ဆိုသည်။

နစ်နာစေရန်အကြံနှင့် ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲခြင်း ရာဇသတ်ကြီး ပုဒ်မ ၂၁၁ အမှုမှ တရားလိုဖြစ်သူ သုဝဏ္ဏနယ်မြေ ရဲစခန်းမှူး ရဲအုပ်သန်းနိုင်ကို စက်တင်ဘာလ ၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တွဲဖက်တရားသူကြီးက စစ်ဆေးစဉ် အပြန်အလှန် မေးခွန်းများ မေးမြန်းခံရသူ အိမ်အကူ မခင်မာမြင့်က အထက်ပါအတိုင်း ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

တရားလို ရဲအုပ်သန်းနိုင်မှလည်း အမှုတိုင်ကြားချက်နှင့်ပတ်သက်၍ စစ်ဆေးစဉ်အချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူနှစ်ဦး ပါဝင်ခဲ့ပြီး အိမ်အကူ မခင်မာမြင့်ကိုယ်တိုင် ၎င်းမှာ မုဒိမ်းမှု ကျူးလွန်ခံရသည်ဟု လိမ်လည်တိုင်တန်းခဲ့ကြောင်းနှင့် သီဟတင်စိုးက ၎င်းအပေါ် လက်ဖျားနှင့်ပင် လုံးဝ တို့ထိခြင်းမရှိကြောင်းတို့ကို ထွက်ဆိုထားသည့် မှတ်တမ်းများရှိကြောင်း ရုံးတော်ရှေ့ ထွက်ဆိုခဲ့သည်။

ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုကို သမားရိုးကျ ပုံမှန်စစ်ဆေးခဲ့ပြီးနောက် ပဲခူးနှင့် သာကေတတို့၌ အလားတူဖြစ်စဉ်များကို ခင်မာမြင့်မှ ဆောင်ရွက်ခဲ့ဖူးသည့် အမှုများ ပေါ်ပေါက်လာသဖြင့် ရပ်ကွက်လူကြီးများရှေ့တွင် ခင်မာမြင့်ကို ထပ်မံ စစ်ဆေးခဲ့ကြောင်း၊ ရပ်ကွက်လူကြီးများရှေ့ မစစ်ဆေးခင် ရဲတပ်ဖွဲ့က ၎င်းကို အမှန်အတိုင်း ထွက်ဆိုပါက ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ခြင်းမရှိကြောင်း ရဲအုပ်သန်းနိုင်က ထွက်ဆိုခဲ့သည်။

“အခု အမိန့်ချမှာလား။ အမှန်အတိုင်း ထွက်ချက်က သမီး အစော်ကားခံရတာ သမီးပဲသိတယ်။”ဟု အိမ်အကူ မခင်မာမာမြင့်က ထွက်ဆိုချက်ပေးပြီးနောက် အမှုစစ် တရားသူကြီးက စစ်ဆေးရန် တရားလိုပြသက်သေများ ကျန်ရှိနေသေးသဖြင့် စက်တင်ဘာ ၁၉ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။

အိမ်အကူ မခင်မာမြင့်မှာ ပွဲစား ဒေါ်ညို၊ ထွန်းတောက် အကျိုးဆောင် လုပ်ငန်းရှင် ဒေါ်မြင့်တို့နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၉ ဖြင့် တရားစွဲဆိုခံထားရပြီး ယင်းအမှုမှ တရားလိုဖြစ်သူ သရုပ်ဆောင် ဇင်မာဦးက အစစ်ဆေးခံရန် စက်တက်ဘာလ ၅ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ လာရောက်ခဲ့သည်။

“ဒီနေ့ ရုံးချိန်းက မစစ်ဖြစ်ဘူး။ အမှုတွဲမှာပါတဲ့ ဒေါ်ညို (ပွဲစား) က ခရိုင်မှာ အာမခံလျှောက်ထားတာ ပြန်မကျသေးလို့။ လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့ ရုံးချိန်း ပြန်ချိန်းလိုက်တယ်။ အမှုကို အမှန်အတိုင်း ဖြစ်စေချင်တယ်။ ဒါက လီဆယ်တိုင်တန်းခဲ့တာလေ။ ထိုက်သင့်တဲ့ပြစ်ဒဏ်ပဲ ဖြစ်စေချင်တယ်”ဟု သရုပ်ဆောင် ဇင်မာဦးက မီဒီယာများကို ဖြေကြားခဲ့သည်။ 

အဆိုပါရာဇသတ်ကြီး ပုဒ်မ ၃၈၉ အမှုဖြင့် တရားစွဲဆိုခံရသူ ပွဲစားဒေါ်ညို၏ အာမခံလျှောက်ထားမှုကို တွဲဖက်မြို့နယ် တရားသူကြီးက ပယ်ချခဲ့သည့်အမိန့်အတွက် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်မှု တက်ရောက်ထားပြီး အမှုတွဲ တောင်းခေါ်ထားခြင်းတို့ကြောင့် ယင်းအမှုကို မစစ်ဆေးဖြစ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးထံမှ သိရသည်။

S-03