News

POST TYPE

MANDALAY

ရွှေတိဂုံစေတီရှိ စီစီတီဗီကင်မရာများ လုံခြုံရေးအဆင့်မြှင့်
04-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၃

ရွှေတိဂုံစေတီဝတ္တကမြေရှိ စီစီတီဗီ ကင်မရာများတွင် နိုင်ငံတကာအဆင့်မီ လုံခြုံရေးအချက်ပြစနစ် ထည့်သွင်းထားသော ဆော့ဝဲများတပ်ဆင်ကာ စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါစနစ်ကို ယခုနှစ်အတွင်း စတင်တပ်ဆင်မည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ဆော့ဝဲပစ္စည်းနှင့် ဈေးနှုန်းတို့ကို စစ်ဆေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နည်းပညာရှင်အဖွဲ့ ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လုံခြုံရေးဆော့ဝဲတွေက မျက်နှာတွေ မှတ်သားပေးတယ်။ ဒီမျက်နှာပေါ်လာတာနဲ့ သတိပေးမယ်။ ကန့်သတ်ထားတဲ့နေရာတွေ ကျူးကျော်တာနဲ့ သတိပေးမယ်။ ပိုင်ရှင်မဲ့ပစ္စည်းတွေ အချိန်အကြာကြီး ရှိနေပြီဆိုရင် သတိပေးမယ်။ ဒီစနစ်တွေ ထည့်သွင်းပြီးတော့ စောင့်ကြည့်တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ လုံခြုံရေးဆော့ဝဲများ တပ်ဆင်ရေးလုပ်ငန်းကို ပြည်တွင်းအခြေစိုက် FISCA Enterprise ကုမ္ပဏီနှင့် Huawei Technologies ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ရွှေတိဂုံစေတီဝတ္တကမြေအတွင်း၌ လက်ရှိတပ်ဆင်ထားသည့် စီစီတီဗီကင်မရာ ၁၈၀ ကျော်အပြင် ထပ်မံတပ်ဆင်မည့် လုံခြုံရေးကင်မရာများတွင်လည်း ယင်းစနစ်ကို ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“ကုမ္ပဏီတွေဘက်က ပထမအဆင့် အဆိုပြုချက်တင်မယ်။ ဒါတွေစစ်ဆေးဆုံးဖြတ်ပြီးမှ အဆင့်ဆင့်ဆောင်ရွက်သွားမှာပါ”ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

လုံခြုံရေးအဆင့်အတန်းမြှင့်မည့် ဆော့ဝဲများ တပ်ဆင်မှုကို ရွှေတိဂုံစေတီတော်၌ စံပြအနေနှင့် စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ အရေးကြီးနေရာများတွင် ယင်းသို့ အဆင့်ဆင့်တပ်ဆင်၍ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စကားကိုကိုးကား၍ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

J-17



  • VIA