News

POST TYPE

MANDALAY

ကျောက်ဆည် လက်ပံကျေးရွာကို ရဲတပ်ဖွဲ့ ထပ်မံစီးနင်း
မန္တလေး၊ စက်တင်ဘာ ၂

ကျောက်ဆည်မြို့အတွင်း မူးယစ်ဆေးဝါး ကျော်စောနေရာတစ်ခုဖြစ်သည့် လက်ပံကျေးရွာကို ရဲတပ်ဖွဲ့က ဒုတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၂ ရက်နေ့က ထပ်မံစီးနင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းသိန်းက ပြောကြားသည်။

“ခုလောလောဆယ်တော့ မူးယစ်ဆေးဝါးအချို့ ဖမ်းထားနိုင်ပါပြီ။ အရေအတွက်တွေ စိစစ်နေဆဲပါပဲ။ ဖမ်းဆီးမှုလည်း မပြီးသေးလို့ပါ။ ဆက်ပြီးဖမ်းနေတုန်းဆိုတော့ တရားခံအရေအတွက်လည်း ပြောလို့မရသေးဘူး”ဟု ၎င်းက ယင်းနေ့ ညနေ ၄ နာရီခန့်က ပြောဆိုသည်။ 

လက်ပံကျေးရွာသည် ကျောက်ဆည်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုတို့ဖြင့် နာမည်ကျော်သည့် ကျေးရွာသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အိမ်ခြေ နှစ်ထောင်နီးပါးရှိသည့် ရွာကြီးတစ်ခုဖြစ်သည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြီးခဲ့သော ဇူလိုင်လကစ၍ ရက် ၉၀ စီမံချက်အဖြစ် သိန်းငှက်အမည်ရှိ လုံခြုံရေးအထူး စီမံချက်ချကာ မန္တလေးမြို့တွင်း၌ မူးယစ်ကျော်စောနေရာများကို ဖြိုခွင်းခဲ့ပြီး ယခု ကျောက်ဆည်ခရိုင် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ မူးယစ်ကျော်စောနေရာများကို ထပ်မံရှင်းလင်းနေခြင်းဖြစ်သည်။

သိန်းငှက်စီမံချက်အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့က လက်ပံကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူ ၇၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ရာတွင် အများစုမှာ မန္တလေးမြို့မှ လာရောက်သုံးစွဲသူများဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

အဆိုပါ ၇၆ ဦးထံမှ မူးယစ်ဆေးဝါးများ မတွေ့ရသောကြောင့် ၎င်းတို့ကို ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးကျော်စောမှုဖြင့် အမှုဖွင့်အရေးယူထားသည်။  

M-04