News

POST TYPE

MANDALAY

မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ် ကားတိုက်ခံရ
29-Aug-2018



မန္တလေး၊ ဩဂုတ် ၂၈

မန္တလေးတောင်ခြေတွင်ရှိပြီး မင်းတုန်းမင်း တည်ဆောက်ခဲ့သော သုမ္မာဇရပ်တန်းမှ ဇရပ်တစ်ဆောင်ကို ဩဂုတ်လ ၂၇ ရက်နေ့ညဦးပိုင်းအချိန်တွင် ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်မိခဲ့ရာ ရှေးဟောင်းကျွန်းတိုင်တစ်လုံးကျွတ် ထွက်ခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

သုဓမ္မာဇရပ်တန်းရှိ အဆောင်နှစ်မှ အရှေ့တောင်ထောင့်တိုင်ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်လုံး ကျွတ်ထွက်သွားသည့်အပြင် အလှူရှင် ကမ္ပည်းကျောက်စာတိုင်လည်း ပျက်စီးခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်က ပြောကြားသည်။

ကျွတ်ထွက်ခဲ့သည့်တိုင်လုံးမှာ ၂၀၁၁ ခုနှစ်အတွင်းက မူလတိုင်ကို ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ပြီး တိုင်အောက်ခြေပျက်စီးနေသဖြင့် သံကျင်တွယ်များဖြင့် ဆက်ထားရသည့် တိုင်လုံးဖြစ်ကြောင်း၊ မူလအတိုင်း ပြန်လည်ထူမတ်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။

လက်ရှိတွင် သုဓမ္မာဇရပ်တစ်ဆောင် ပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူကို အမှုဖွင့်ထားသူ မရှိသေးကြောင်း အောင်မြေသာစံအမှတ် (၂) နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သုဓမ္မာဇရပ်များကို မင်းတုန်းမင်းကြီးက ခရစ်နှစ် ၁၈၆၄ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ရာ လှူဒါန်းခဲ့စဉ်က ဇရပ်ပေါင်း ၃၃ ဆောင် ရှိခဲ့သော်လည်း လက်ရှိတွင် ဇရပ် ၁၉ ဆောင်သာရှိတော့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

M-05