News

POST TYPE

MANDALAY

မန္တလေးဘုရားကြီးမှ ရွှေခွာသူကို ထောင်နှစ် ၃၀ ချ
27-Aug-2018

မန္တလေး၊ ဩဂုတ် ၂၆

လွန်ခဲ့သော ၁၀ လခန့်က မန္တလေးမဟာမုနိဘုရားကြီးနောက်ကျောဘက်မှ ရွှေများကို စတီးပိုက်လုံးဖြင့်ခြစ်ကာ ခွာယူခဲ့သူကို ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက ပြောကြားသည်။ 

“သူက သုံးခါခိုးတာဆိုတော့ အမှုက သုံးခုခွဲပြီး စွဲထားခဲ့တာ။ အဲ့ဒီတော့ တစ်မှုချင်းစီအတွက် ပြစ်ဒဏ်ခံရတာ” ဟု ၎င်းကပြောဆိုသည်။

အသက် ၃၀ အရွယ် ဦးထွန်းအောင်ကျော်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ရွှေခွာယူနေစဉ် ဖမ်းဆီးခံခဲ့ရာ ဖမ်းမိခဲ့ချိန်က ခိုးယူမှု၊ သာသနာတော်ညှိုနွမ်းစေမှုတို့ဖြင့် အမှုဖွင့်ထားခဲ့သော်လည်း အမှုရင်ဆိုင်ရာတွင် အများပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် ခရိုင်တရားရုံးက စွဲချင်တင်ကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ရွှေတိဂုံစေတီတော်လို၊ မန္တလေးက မဟာမုနိဘုရားကြီးလို တန်ခိုးကြီးဘုရားတွေကို ကျွန်တော်တို့က ပြန်တမ်းဝင်ဘုရားခေါ်တာ။ အဲဒီလို ဘုရားတွေကနေ ပစ္စည်းတစ်ခုခုခိုးယူမယ်ဆိုရင် အပက (အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ) နဲ့ အရေးယူရမယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်။ ခုလည်း ဒီဥပဒေနဲ့ပဲ အမိန့်ချတာဖြစ်ပါ တယ်” ဟု ရဲမှူးစံသူက ရှင်းပြသည်။

အများပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးဥပဒေပုဒ်မ ၃ ဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ခိုးမှုတစ်ခုချင်းစီအတွက် ထောင်ဒဏ်ဆယ်နှစ်စီကို သီးခြားစီကျခံစေရန် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရွှေခိုးယူသူ ထွန်းအောင်ကျော်ကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) မြို့မ ရဲစခန်းက (ပ) ၄၀၇/၂၀၁၇၊ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၇၉/၂၉၅ ဖြင့် လွန်ခဲ့သော ၁၀ လခန့်က အမှုဖွင့်ခဲ့ပြီး မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့သောအမှု ဖြစ်သည်။

“တရားရုံးက ထိုက်တန်တဲ့ပြစ်ဒဏ် ချလိုက်တာလို့ပဲ ယူဆပါတယ်။ ကျွန်တော်တို့က တရားဥပဒေအကြောင်း မသိတဲ့အတွက် ဘာမှတော့ပြောစရာမရှိပါဘူး။ တရားရုံးက စစ်ဆေးပေါ်ပေါက်ချက်အရ တရားဥပဒေအတိုင်း ဆုံးဖြတ်လိုက်တာပါပဲ” ဟု ယင်းသို့ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း နှင့်ပတ်သက်၍ ဘုရားကြီးဂေါပကအတွင်း ရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။ 

ပြီးခဲ့သော ဩဂုတ်လ ၁၈ ရက်နေ့ညကလည်း မဟာမုနိဘုရားကြီး အလှူခံပုံးအတွင်းမှ ကျပ် ၃၅ သိန်းကျော်နှင့် ရွှေဆိုင်း ၂၅၀၀ ကျော်ကို ဘုရားလုံခြုံရေး ဝန်ထမ်း ဦကျော်ဇေယျက ဖောက်ထွင်းခိုးယူမှု ဖြစ်ခဲ့သေးသည်။

M-04