POST TYPE

MANDALAY

မိတ္ထီလာ ဖောင်တော်ဦးဘုရားပွဲ ယခုနှစ်တွင် ပြန်လည်ကျင်းပမည်


မိတ္ထီလာ၊ ဩဂုတ် ၂၃

ကြက်ငှက်တုပ်ကွေးရောဂါ H1N1 ကူးစက်ပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် ၂၀၁၇ ခုနှစ်က မကျင်းပနိုင်ခဲ့သော မိတ္ထီလာမြို့ရှိ ဖောင်တော်ဦးဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုက ပြောကြားသည်။ 

ဖောင်တော်ဦးစေတီတော်၏ ၁၃၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာလ ၁၇ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာလောင်း လှေပြိုင်ပွဲနှင့် ဆွမ်းသပိတ် ဆက်ကပ်လှူဒါန်းပွဲများဖြင့် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“လှေပြိုင်ပွဲကတော့ ဖောင်တော်ဦး ဘုရားပွဲရဲ့အဓိက ပြယုဂ်တစ်ခုဆိုတော့ မဖြစ်မနေထည့်ရမယ်။ တော်သလင်းလပြည့်နေ့ မနက်ပိုင်းမှာ မြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတိုက်တွေက ပင့်သံဃာ ၁၀၈ ပါးကိုလည်း ဖောင်တော်ဦးဘုရား တန်ဆောင်းမှာ ဆွမ်းသပိတ်ကပ်မယ်”ဟု ဦးခင်ညိုက ရှင်းပြသည်။

ဘုရားပွဲတော်မှရရှိမည့် လှူဒါန်းငွေများဖြင့်လည်း ပျက်စီးယိုယွင်းနေသော ဘုရားတန်ဆောင်းကြီးကို ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ်ကျင်းပမည့်ဘုရားပွဲတွင် ဆိုင်ခန်း ၆၀၀ ကျော် နေရာချထားပေးမည်ဖြစ်ရာ ဆိုင်ခန်းဖွင့်လိုသူများအနေနှင့် ဩဂုတ် ၂၆ ရက်မှစ၍ ဆိုင်ခန်းနေရာချထားရေးကော်မတီထံ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

မန္တလေးတိုင်းအတွင်း၌ H1N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမည်ကိုစိုးရိမ်သောကြောင့် ၂၀၁၇ ခုနှစ်က ပွဲလမ်းသဘင်များ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ရာ ဖောင်တော်ဦးဘုရားပွဲတော်မှာလည်း ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ 

R-01