News

POST TYPE

MANDALAY

မန္တလေး ကမ်းနားလမ်း မူးယစ်ကျော်စောနေရာများကို ရဲဝင်စီး၊ လူ ၁၂ ဦးဖမ်းမိ
21-Aug-2018



မန္တလေး၊ ဩဂုတ် ၂၀

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ကမ်းနားလမ်းတစ်လျှောက် မူးယစ်ဆေးဝါး ကျော်စောနေရာများကို ဩဂုတ်လ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး လူ ၁၂ ဦးကို ဖမ်းဆီးခဲ့သည်။ 

ဧရာဝတီမြစ်ဆိပ်တစ်လျှောက် မြစ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် တဲများ၊ မြစ်အတွင်းရှိဖောင်များ အပါအဝင် ကမ်းနားလမ်းအငှားအိမ်ရာများမှ အခန်းအချို့ကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

“ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားမှုနဲ့ ခုလိုဝင်ရောက်ရှာဖွေတာပါ။ ဆေးရော၊ ဆက်စပ်ပစ္စည်းအချို့ရယ် သုံးစွဲသူ၊ ရောင်းဝယ်သူအချို့ရယ်ကို ဖမ်းမိထားပါတယ်”ဟု မူယစ်မြောက်ပိုင်းတပ်ဖွဲ့စုမှူး ရဲမှူးရဲအောင်က ပြောကြားသည်။ 

ယင်းသို့ရှာဖွေရာတွင် အငှားအိမ်ရာ စံပယ်ဆောင်ရှိ အခန်းအချို့မှ မူးယစ်ဆေးပြားများကို တွေ့ရှိခဲ့ပြီး ဆေးသုံးစွဲသူ ခြောက်ဦး၊ ရောင်းချသူနှစ်ဦးနှင့် သံသယရှိသူလေးဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။ 

မန္တလေးတိုင်းရဲတပ်ဖွဲ့အနေနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစတင်ကာ မန္တလေးမြို့ရှိ မူးယစ်ကျော်စောနေရာများကို ဝင်ရောက်စီးနင်းဖယ်ရှားခဲ့ရာ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်နှင့် ကမ်းနားလမ်းတစ်လျှောက်မှ နေရာအချို့ကိုလည်း ရှင်းလင်းခဲ့ဖူးသည်။ 

ယင်းသို့ရှင်းလင်းရာတွင် ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမှုများသာပြုလုပ်ခဲ့ပြီး စည်ပင်သာယာက တရားမဝင် အဆောက်အအုံများကို ဖျက်သိမ်းပစ်ခဲ့ခြင်းဖြစ်သည်။  

M-04