News

POST TYPE

MANDALAY

အကြမ်းဖက်သတင်းကြောင့် မောင်တောတွင် လုံခြုံရေးအင်အား ထောင်ချီတိုးမြှင့်
20-Aug-2018

စစ်တွေ၊ ဩဂုတ် ၂၀

ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် အကြမ်းဖက်သမားများ လှုပ်ရှားနေသည်ဟု သတင်းများရရှိထားသဖြင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရဲအင်အား ၁၀၀၀ ခန့် တိုးမြှင့်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

လုံခြုံရေးအင်အား တိုးမြှင့်ချထားသည့်အပြင် မောင်တောမြို့နယ်ရှိ နယ်စပ် ခြံစည်းရိုးတစ်လျှောက်၌ နယ်ခြားစောင့် ရဲကင်းစခန်းပေါင်း ၁၆၀ ကျော်ကိုလည်း ဖြန့်ကြက်ဆောင်ရွက်နေကြောင်း၊ စစ်တွေမြို့နှင့် အခြား မြို့နယ်အချို့မှာ ရဲတပ်ဖွဲ့ဝင်များက တပ်မတော်ကို အကူအညီတောင်းခံပြီး နေ့ကင်း၊ ညကင်းတို့ဖြင့် လှည့်ကင်းများကို ပူးပေါင်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးလုပ်ငန်းစဉ်ဖြစ်တဲ့ စောင့်ကြည့်ကင်းတွေချထားတယ်၊ နေ့ပိုင်း၊ ညပိုင်း ဆောင်ရွက်တယ်။ မသင်္ကာသူတွေရဲ့ ကျော်စောသတင်းတွေရှိတဲ့သူတွေကိုလည်း စောင့်ကြည့်ပြီးတော့ လိုအပ်ရင် လိုအပ်သလို အရေးယူ ဆောင်ရွက်နေတာတွေရှိတယ်”ဟု ပြည်နယ် ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။

နယ်စပ်ဒေသ၌ အကြမ်းဖက်သမားများသည် လူသစ်စုဆောင်းခြင်း၊ လက်နက် ခဲယမ်းစုဆောင်းနေခြင်းနှင့် သင်တန်းများ ပို့ချနေကြပြီး စားနပ်ရိက္ခာတို့ စုဆောင်းနေကြောင်းစသည့် သတင်းများကြောင့် အကြမ်းဖက် တိုက်ခိုက်မှု ထပ်မံမဖြစ်ပွားစေရန်အတွက် ကြိုတင် ကာကွယ်တားဆီးသည့်အနေနှင့် ရခိုင်ပြည်နယ်၌ လုံခြုံရေးတိုးမြှင့်ကာ ကင်းလှည့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တပ်မတော်နှင့်ပူးပေါင်းကာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မှုကို ဩဂုတ်လကုန်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း လိုအပ်လာပါက နောက်လများတွင်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း အကြမ်းဖက်မှုနှင့်ပတ်သက်၍ စိတ်ချရသည့်အချိန်ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဇူလိုင်လက စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများ အပါအဝင် အချို့သော မြို့နယ်များမှ လက်လုပ်သေနတ် ၃၀ ကျော်ကို သိမ်းဆည်းရမိကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှသိရသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က မောင်တောမြို့နယ်ရှိ ရဲကင်းစခန်း ၃၀ ကျော်ကို ARSA အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်ရာ အကြမ်းဖက်သမားများနှင့်ပတ်သက်၍ သတင်းများ ထွက်ပေါ်ပြီး လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်နေသည်ကို မြင်တွေ့နေရသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိသည်။

R-22