News

POST TYPE

MANDALAY

မသန်စွမ်းသူများ အဓမ္မပြုကျင့်ခံရမှု အများဆုံးဟု i School Myanmar စစ်တမ်းဖော်ပြ
20-Aug-2018
မန္တလေး၊ ဩဂုတ် ၁၉

မသန်စွမ်းသူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ဖြစ်စဉ်များကို ၁၀ လကြာ စစ်တမ်းကောက်ယူမှုရလဒ်များအရ ဉာဏ်ရည်မသန်စွမ်း အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ် အများဆုံးတွေ့ရကြောင်း စစ်တမ်းကောက်ယူနေသည့် i School Myanmar အဖွဲ့က ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို အမြင်မသန်စွမ်း၊ အကြားမသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်းဟူသည့် မသန်စွမ်းမှုအမျိုးအစားလေးမျိုးမှ ပညာရေး၊ ကျန်းမာရေး၊ ရာဇဝတ်မှုကျူးလွန်ခံရမှု စသည့်အခြေအနေများပေါ်အခြေခံ၍ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစစ်တမ်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း i School Myanmar \ Admin & Researcher (စီမံခန့်ခွဲရေးနှင့်သုတေသနအရာရှိ) ဒေါ်နော်ဇာဖြူခန့်က ပြောကြားသည်။

မသန်စွမ်းများနှင့်သက်ဆိုင်သည့် ဥပဒေများ၊ မူဝါဒများရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲနိုင်ရန် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့ခြင်းဖြစ်ရာ ကောက်ယူခဲ့သည့်အမှုပေါင်း ၄၆ မှုတွင် အသက် ၁၆ နှစ်မှ အသက် ၂၅ ဝန်းကျင်ရှိ ဉာဏ်ရည်မသန်စွမ်းအမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုပေါင်း ၂၅ မှုခန့် ပါဝင်နေကြောင်း ၎င်းက ရှင်းပြသည်။

စစ်တမ်းတွင် တရားဥပဒေအရ ဆောင်ရွက်နေမှု၊ အစိုးရကဆောင်ရွက်ပေးနေမှု၊ လူမှုရေးအဖွဲ့များက ဆောင်ရွက်ပေးနေမှု စသည့်အကြောင်းအရာများ ပါဝင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်ပြင်ဆင်နေပြီဖြစ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများထံ ပေးပို့မည်ဖြစ်ကြောင်း i School Myanmar ထံမှ သိရသည်။

“မသန်စွမ်းတွေအတွက် ဒီလိုမျိုး လုပ်တာပေးကတော့ကောင်းတယ်။ အခုက ကလေးသူငယ်နဲ့ပတ်သက်ပြီး ကလေး သူငယ်တရားရုံးရှိတယ်။ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း မသန်စွမ်းဥပဒေ၊ နည်းဥပဒေလည်း စာအုပ်တွေ ထွက်လာပြီ။ ကလေးသူငယ်တရားရုံး ပုံစံမျိုး မသန်စွမ်းတွေဘက်ကနေဥပဒေ ပြုတဲ့အဖွဲ့မျိုးပေါ်လာပြီးတော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လုပ်ပေးနိုင်ရင် ပိုပြီးတော့ အဆင်ပြေလာမယ်”ဟု မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးစိုင်းအောင်ထက်က ပြောကြားသည်။ 

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအရ မြန်မာနိုင်ငံ၌ လူဦးရေ ၅၁ သန်း ကျော်ရှိရာတွင် ၎င်းတို့အနက်မှ ၂ ဒသမ ၃ သန်းကျော်သည် မသန်စွမ်းသူများဖြစ်ကြောင်း ဖော်ပြထားသည်။ 

ရန်ကုန်မြို့တော်ရှိ လှိုင်မြို့နယ်တွင် အခြေစိုက်သော i School Myanmar သည် မသန်စွမ်းမှုဆိုင်ရာ သင်တန်းများပေးခြင်း၊ မသန်စွမ်းသူများအသုံးပြုရန် ဆော့ဖ်ဝဲရေးသားခြင်းများ၊ မသန်စွမ်းသူများကို အကူအညီပေးခြင်းများ ပြုလုပ်ပေးနေသည့်အဖွဲ့တစ်ခုဖြစ်သည်။

M-05


  • VIA