News

POST TYPE

MANDALAY

မိတ္ထီလာ ပေါက်ချောင်းဈေးရုံသစ် တည်ဆောက်ပြီးဖြစ်၍ စက်တင်ဘာတွင် နေရာချထားပေးမည်
17-Aug-2018



မိတ္ထီလာ၊ ဩဂုတ် ၁၆

မိတ္ထီလာမြို့ ပေါက်ချောင်းဈေး အဆောက်အအုံသစ် တည်ဆောက်ပြီးစီးပြီဖြစ်၍ စက်တင်ဘာလအတွင်း ဈေးသည်များကို ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။ 

“သူတို့ (ဈေးသည်များ) နဲ့ ညှိနှိုင်းရမယ်။ နေရာအတွက် မျဉ်းတွေဆွဲရမယ်။ ခရိုင်စီမံခန့်ခွဲရေးကော်မတီကို တင်ပြရဦးမယ်။ နေရာချထားမှုနဲ့ပတ်သက်ပြီး မျှမျှတတဖြစ်အောင် မူလကစာရင်းကောက်ထားတဲ့ လူတွေပဲပါမယ်၊ လူသစ်မထည့်ဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ပေါက်ချောင်းရပ်ကွက်ဈေးသည် မူလကပျံကျဈေးဖြစ်၍ ကုန်အမျိုးအစားမတူသော ဈေးသည်များ ခင်းကျင်းရောင်းချခဲ့သော်လည်း အဆောက်အအုံသစ်တွင် သားငါးနှင့် ဟင်းသီးဟင်းရွက်၊ အလှကုန်နှင့် အထည်လိပ်၊ ကုန်ခြောက်နှင့်လူသုံးကုန်စသည်ဖြင့် နေရာချထားပေးရန် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီစဉ်ထားသည်။ 

“နေရာကျဉ်းရင်လည်းကျဉ်းပါစေ။ မူလနေရာပဲ ပြန်လိုချင်တယ်။ ဆိုင်မှာကိုယ်မရှိလည်း ဆိုင်နီးချင်းမိတ်ဆွေတွေက ကိုယ့်ကုန်ကို ရောင်းပေးတယ်။ နေရာပြောင်းလိုက်ရင် ကိုယ့်ဖောက်သည်တွေက ကိုယ့်ဆိုင်ရှာဖို့ ခက်သွားမယ်”ဟု ပေါက်ချောင်းဈေးတွင် လွန်ခဲ့သော ၁၅ နှစ်ကတည်းက ကုန်ခြောက်ရောင်းချနေခဲ့သော အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ 

မိတ္ထီလာမြို့အနောက်ပိုင်းတွင် အစည်ကားဆုံးဖြစ်သော ပေါက်ချောင်း ပျံကျဈေးကို ပြီးခဲ့သည့်မေလအတွင်းက စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း ၄၅၀ ဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။

အဆိုပါဈေးတွင် ဈေးသည်အရေအတွက် ၃၀၀ ကျော်ရှိရာ လက်ရှိတွင် အဆိုပါဈေးသည်များသည် ဈေး၏ မြောက်ဘက်နှင့် အနောက်ဘက် ပတ်လမ်းပေါ်တွင် ယာယီရောင်းချနေခြင်းဖြစ်သည်။  

R-01