News

POST TYPE

MANDALAY

စည်ပင်အင်ဂျင်နီယာကို ကော်မတီဆုံးဖြတ်ချက်ဖြင့် အထူးအင်ဂျင်နီယာရာထူးတိုးပေး
15-Aug-2018
မန္တလေး၊ ဩဂုတ် ၁၅

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အငယ်တန်း အင်ဂျင်နီယာ ၂ ဦးစိန်အောင်မင်းကို ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အထူးအင်ဂျင်နီယာရာထူးတိုးမြှင့် ခန့်ထားလိုက်ကြောင်း ယင်းကော်မတီ၊ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အငယ်တန်းအင်ဂျင်နီယာ - ၂ ရာထူးမှ စစ်ဆေးရေးဌာန၏ အထူးအငယ်တန်း အင်ဂျင်နီယာ - ၂ အဖြစ် ဇူလိုင် လကုန်ပိုင်းမှစတင်ကာ တိုးမြှင့်ခန့်ထားခြင်းဖြစ်သည်။

အထူးအငယ်တန်း အင်ဂျင်နီယာ - ၂ ရာထူးသည် အငယ်တန်း အင်ဂျင်နီယာရာထူးထက် တစ်ဆင့်မြင့်ကာ လက်ထောက်အင်ဂျင်နီယာရာထူးအောက် တစ်ဆင့်နိမ့်ကြောင်း၊ ဖွဲ့စည်းပုံအရ အင်ဂျင်နီယာလေးဦး ခန့်ထားပြီးဖြစ်သောကြောင့် လစ်လပ်နေသောနေရာအတွက် ရာထူး တိုးခန့်ထားလိုက်ခြင်းဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ရှင်းပြသည်။

“အလုပ် သိပ်လုပ်တဲ့ အင်ဂျင်နီယာ။ အမြဲတမ်း လမ်းမှာရှိတယ်။ ဆိုက်ထဲမှာရှိတယ်။ အလုပ်ရှိတဲ့နေရာမှာ သူရှိတယ်။ သူများပြောပေးတာကြောင့် မဟုတ်ဘဲ အလုပ်လုပ်တာကို ကိုယ်တိုင် မြင်တဲ့အတွက် (ရာထူး) တိုးပေးတာ”ဟု ၎င်းကပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရှိ ဝန်ထမ်းများအနေနှင့် ရာထူးတိုးရန် စာမေးပွဲဖြေဆိုရသကဲ့သို့ လူတွေ့စစ်ဆေးမေးမြန်းမှုကိုလည်း ခံယူရသည်။ ယင်းကဲ့သို့စာမေးပွဲမဖြေဆိုရဘဲ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ရာထူးတိုး ပေးသည်မှာ ယခုအစိုးရသစ်လက်ထက် တွင် နှစ်ဦးရှိပြီဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ပြီးခဲ့သော ဇူလိုင် လဆန်းပိုင်းကလည်း သန့်ရှင်းရေးဌာနမှ ဒုကြီးကြပ်ရေးမှူးဦးစိုးဝင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတွင် ဆက်သွယ်ရေး - ၁ အဆင့်ရာထူး တိုးမြှင့်ပေးခဲ့သေးသည်။

အဆိုပါကော်မတီသည် နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ စီမံချက်နှင့်အညီ အရည်အချင်း ပြည့်မီသော ဝန်ထမ်းများကို ရာထူးအဆင့် တိုးမြှင့်ခန့်ထားပေးခြင်းနှင့် ပြည်တွင်း ပြည်ပ သင်တန်းများ စေလွှတ်ပေးခြင်းတို့ ကို လုပ်ဆောင်ပေးသကဲ့သို့ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းဖောက်ဖျက် ကျူးလွန်သည့်ဝန်ထမ်းများကိုလည်း ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

M-07