News

POST TYPE

MANDALAY

အစိုးရအပေါ် အကြည်ညိုပျက်စေရန် လူမှုကွန်ရက်တွင် ရေးသားသူများကို အရေးယူမည့် ပါတီတွင်းညွှန်ကြားချက်ပေါက်ကြား
15-Aug-2018
မန္တလေး၊ ဩဂုတ် ၁၅

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စုအဆင့်နှင့်တိုင်း အစိုးရအဖွဲ့တို့ကို အကြည်ညိုပျက်စေရန် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ရေးသားသူများကို ဆက်သွယ်ရေးဥပဒေ ဖြင့်အရေးယူမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မကွေးတိုင်းက ဩဂုတ်လ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်သည့်စာတွင် မကွေးတိုင်းအတွင်းရှိ မြို့နယ် အသီးသီး၌ Facebook တွင်လည်းကောင်း၊ အခြား Internet စာမျက်နှာများ၌လည်းကောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းအစိုးရအဖွဲ့တို့ကို အကြည်ညိုပျက်အောင် ရေးသားမှုရှိသူများကို ဥပဒေပညာရှင်များနှင့် ညှိနှိုင်း၍ တရားစွဲရန်ဖြစ်ကြောင်း၊ တရားစွဲရာတွင် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးက တရားစွဲဆိုရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ပါတီတွင်းထုတ်ပြန်ချက်ဖြစ်၍ လျှို့ဝှက်ထုတ်ပြန်ချက် ပေါက်ကြားအောင်ပြုလုပ်သူကို စစ်ဆေးအရေးယူမည်ဟု မကွေးတိုင်း NLD ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

“ဒီစာက ပါတီအတွင်း ထုတ်ပြန်တဲ့စာပါ၊ ၂၅ မြို့နယ်ကိုဖြန့်တာမှာ ဒီစာက ဘယ်လိုပေါက်ကြားသွားတယ် မသိဘူး။ မြို့နယ်အသီးသီးက အလုပ်အမှုဆောင်တွေ ဥပဒေနဲ့အညီ လုပ်ကိုင်နိုင်ဖို့အတွက် ညွှန်ကြားချက်ပါ”ဟု ၎င်းကပြောဆိုသည်။

လူမှုကွန်ရက်စာမျက်နှာများသည် လက်ရှိတွင် လူတိုင်းနှင့်လက်လှမ်းမီသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ၏ အားကိုးရာ၊ ရင်ဖွင့်ရာဖြစ်လာကြောင်း၊ ဥပဒေများ၊ အမိန့်များထုတ်ပြန်၍ ပိတ်ပင်တားဆီးမှုများသည် မဖြစ်သင့်ကြောင်း မန္တလေးမြို့ရှိ မေတ္တာကမ်ပိန်းတာဝန်ခံ ဦးညီညီကျော်က ပြောကြားသည်။

“ကျွန်တော်တို့ပြည်သူတွေ အဲဒီလောက်မညံ့ဘူး၊ မအဘူးဆိုတာကို လူမှုကွန်ရက်ပေါ်မှာကြည့်ရင် တွေ့နိုင်တယ်။ ဒီအချိန်မှာ အရင်လိုပဲဥပဒေတွေ၊ အမိန့်တွေနဲ့ ပိတ်ပင်တားဆီးတာ မလိုချင်ဘူး။ နောက်တစ်ချက်က အကြည်ညိုပျက်စေမှုဆိုတဲ့စကားလုံး။ လူတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ အကောင်းပြောတဲ့သူများသလို၊ အဆိုးပြောတဲ့သူလည်းရှိနိုင်တယ်။ ဒါကိုပြည်သူက ခွဲခြားနိုင်ပါတယ်။ ပိတ်ပင်တားဆီးမှုမျိုးနဲ့ ကြည်ညိုစေချင်တယ်ဆိုတာက မဖြစ်သင့်ဘူး”ဟု ၎င်းကပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စုအဆင့်၊ တိုင်းအစိုးရအဖွဲ့တို့ကို အကြည်ညိုပျက်စေရန် ရေးသားလာပါက တရားစွဲဆိုရန် တိုင်းနှင့် ပြည်နယ်အဆင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်များထံ ညွှန်ကြားထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ငြင်းဆိုသည်။

“စာထုတ်တာ သိပါတယ်။ ဒီလိုထုတ်ဖို့ဆိုပြီး ကျွန်တော်တို့ ညွန်ကြားတာ မရှိပါဘူး။ စာကိုဖတ်ကြည့်တော့ သူ့တိုင်း (မကွေး) လိုအပ်ချက်အရ ထုတ်တယ်ဆိုတဲ့သဘောပါတယ်။ ဒီကိစ္စတွေက ညွှန်ကြားဖို့တောင် မလိုတဲ့ကိစ္စတွေပါ”ဟု ၎င်းကပြောဆိုသည်။ 

မကွေးတိုင်းအတွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်တန်းတာဝန်ရှိသူများအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပုတ်ခတ်ရေးသားမှုကြောင့် တရားစွဲဆိုမှုများရှိခဲ့ရာ စလင်းမြို့တွင်နှစ်မှု၊ ပွင့်ဖြူမြို့တွင်တစ်မှုရှိခဲ့ကြောင်း မင်းဘူးမြို့မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

M-05, R-23