News

POST TYPE

MANDALAY

လက်ပံတောင်းဒေသ လယ်ယာမြေဆုံးရှုံးတောင်သူအတွက် အစားထိုးပေးရန် ဆောင်ရွက်နေဟုဆို
15-Aug-2018
နေပြည်တော်၊ ဩဂုတ် ၁၄ 

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေတွင် လယ်ယာမြေ သိမ်းဆည်းခံရသည့် တောင်သူများကို အစားထိုးပေးရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်က ပြောသည်။

ယနေ့ (ဩဂုတ်လ ၁၄ ရက်) ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးရဲထွဋ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးသွားသည့် ဒေသခံများ၏ ရွာဝန်းကျင်ရှိ မြေလွတ်၊ မြေလပ် ဧက ၁၉၀၀ ခန့်ကို စိုက်ပျိုးနိုင်တဲ့ မြေတွေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“ရှာဖွေဖော်ထုတ်ရေးကော်မတီက စိစစ်တင်ပြတဲ့ ဧက ၁၇၂၇ ကို အစားထိုး ဖော်ထုတ်ပေးနိုင်ဖို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပါသွားတဲ့ တောင်သူတွေကို လုပ်ကိုင်လိုခြင်း ရှိ မရှိ သဘောဆန္ဒကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မေးမြန်းဆောင်ရွက်ဆဲဖြစ်ပါတယ်”လို့ ဦးလှကျော်က ဆိုသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ကို ရှာဖွေဖော်ထုတ်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် နိုဝင်ဘာအတွင်းက ရှာဖွေဖော်ထုတ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ကွင်းဆင်းလေ့လာချက်အရ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းရှိ မြေလွတ်၊ မြေရိုင်းလုပ်ပိုင်ခွင့်ရရှိခဲ့ပေမယ့် အစားထိုး ဖော်ထုတ်ပေးနိုင်မယ့် ဧရိယာဟာ စုစုပေါင်း ၁၇၂၇ ဧကပဲရှိပါတယ်”ဟု ဒုဝန်ကြီးက ရှင်းပြသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ဟာ အကျိုးတူလုပ်ကိုင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေဧရိယာစုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧက သိမ်းဆည်းခဲ့ရာ ၆၇၈၄ ဧကအတွက် မြေယာလျော်ကြေးပေးခဲ့ပြီးဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

မြေယာလျော်ကြေးမယူသည့် တောင်သူများကို အစားထိုးပြန်ပေးမည့် ကနီနှင့်ယင်းမာပင်မြို့နယ်ရှိ မြေယာများမှာ လက်ပံတောင်းဒေသခံ ကျေးရွာများနှင့် မိုင်ပေါင်း ၃၀ ကျော် ကွာဝေးနေသဖြင့် လက်မခံနိုင်ကြောင်း၊ ယင်းသို့ လက်မခံနိုင်ကြောင်းကို ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည့်အပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာပေးပို့ထားကြောင်း လက်ပံတောင်းဒေသများက ပြောကြားသည်။

“ကော်မရှင် အစီရင်ခံစာမှာ အနီး အနားဝန်းကျင်တဝိုက် မြေလွတ်မြေရိုင်း ကို ပြုပြင်ပြီး ပြန်ပေးရမှာ မိုင်ပေါင်း ၃၀ ကျော် ၄၀ ဝေးတဲ့နေရာ ဘယ်သူမှ လက် မခံဘူး၊ ဝန်ကြီးချုပ်ဆီ ဇူလိုင် ၄ ရက်နေ့က စာတင်ထားတယ်” ဟု ဆည်တည်းရွာမှ တောင်သူ ဒေါ်ရီဝင်းက ပြောကြားသည်။

လျော်ကြေးမယူထားသည့် မြေယာကို အနီးပတ်ဝန်းကျင်တွင် အစားထိုးရန် မြေမရှိပါက စုံစမ်စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါအတိုင်း ကာလပေါက် ဈေးအတိုင်း လျော်ကြေးပေးရမည်ဖြစ်ကြောင်း မိုးကြိုးပြင်ဒေသခံ တောင်သူများက ပြောကြားသည်။

လွန်ခဲ့သော ၂ နှစ်ခန့်က လျော်ကြေးရယူထားသော တောင်သူများကို တစ်ဧကလျှင်ကျပ်သိန်း ၁၉၀ ဖြင့် လျော်ကြေးပေးချေခဲ့ကြောင်း လက်ပံတောင်းဒေသခံများထံမှ သိရသည်။

 လက်ပံတောင်းတောင်ဒေသ သိမ်းဆည်းခံ မြေယာကိစ္စများကြောင့် ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် ဆန္ဒပြမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ယခင်အစိုးရ သက်တမ်းတွင် အစိုးရက အင်အားသုံးဖြိုခွဲပြီး သေနတ်ဖြင့်ပစ်ခတ် ခြောက်လှန့်သည်အထိ ဖြစ်ပေါ်ကာ လူသေဆုံးမှု၊ မီးလောင်ဗုံး ထိခိုက်မှုတို့ ဖြစ်ပေါ်ခဲ့သည်။

ယင်းနောက် ဦးသိန်းစိန်အစိုးရက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ) ကို လက်ပံတောင်းတောင်နှင့် ပတ်သက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်တီဖွဲ့စည်းကာ လက်ရှိအချိန်ထိ အဆင့်ဆင့် လုပ်ဆောင်နေရခြင်းဖြစ်သည်။

S-01/R-08


  • VIA