News

POST TYPE

MANDALAY

ရေမြောင်းအတွင်းဆီများစွန့်ပစ်သည့် ဘုံကျောင်းကို ကျပ်ငါးသောင်းဒဏ်ရိုက်
14-Aug-2018

မန္တလေး၊ ဩဂုတ် ၁၃

စားကြွင်းစားကျန်များနှင့်ဆီများ စွန့်ပစ်မှုကြောင့် ရေမြောင်းပိတ်ဆို့စေခဲ့သည့်အတွက် မန္တလေးမြို့ လမ်း ၈၀ ပေါ်ရှိ တရုတ်ဘုံကျောင်းကို ကျပ်ငါးသောင်း ဒဏ်ရိုက်အရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် များထံမှ သိရသည်။

“ဒုတိယအကြိမ်ဆိုတော့ စည်ပင်ဥပဒေအတိုင်း ဒဏ်ရိုက်ထားပါတယ်။ သန့်ရှင်းရေးဌာနက ရိုက်တာ။ ငါးသောင်းပဲထင်တယ်။ တတိယအကြိမ် ဆိုရင်တော့ တရားစွဲမှာပါ”ဟု မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျက ပြောကြားသည်။

ဘုံကျောင်းတစ်ခုတည်းကြောင့် မြောင်းပိတ်ဆို့ခြင်း မဟုတ်ကြောင်း၊ ထမင်းကျန် ဟင်းအကျန်များကိုလည်း မြောင်းအတွင်း မစွန့်ပစ်ခဲ့ကြောင်း၊ ပန်းကန်များကို ဆေးကြောရာမှ စွန့်ပစ်ဆီများ ပါဝင်သွားခြင်းသာဖြစ်ပြီး နှစ်ကာလကြာမြင့်လာသောအခါ ယင်းအဆီများ လမ်းပိတ်ဆို့ခြင်းသာဖြစ်နိုင်ကြောင်း အဆိုပါဘုံကျောင်း၏ ဂေါပကအဖွဲ့ဝင်ဟောင်း ဦးအောင်ကိုလတ်က ပြောဆိုသည်။

အဆိုပါဘုံကျောင်းအနီးတွင် မြောင်းပိတ်ဆို့မှုဖြစ်သောကြောင့် ဘုံကျောင်းတာဝန်ရှိသူများကို အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ကြောင်း၊ ဘုံကျောင်းအတွင်းရှိသည့် ကန်များထဲမှဆီများလျှံကျရာမှ မြောင်းပိတ်ကာ ရေလျှံမှုဖြစ်ရကြောင်း မန္တလေးမြို့တော်စည်ပင်၊ သန့်ရှင်းရေးဌာနထံမှ သိရသည်။

“သူတို့ရဲ့ဆီစစ်ကန်ရှိတယ်။ ဒါပေမဲ့ လုပ်ထားတာကြီးက ဆေးလိုက်တာနဲ့ ရေစစ်ထုတ်တဲ့ဟာမမျှတော့ လျှံကျပြီး မြောင်းထဲ င်ကုန်တာ။ ကျွန်တော်လည်း ကွင်းဆင်းစစ်ဆေးကြည့်ဦးမှာပါ”ဟု ကော်မတီဝင် ဦးကျော်ဇေယျက ပြောဆိုသည်။

ဘုံကျောင်းအနေနှင့် ဩဂုတ်လ ၁၄ ရက်တွင် မီးဖိုချောင်ကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးလုပ်မည်ဖြစ်ကြောင်း၊ မြောင်းပိတ်သည့်ပြဿနာကို ပတ်ဝန်းကျင်ရှိဆိုင်များနှင့်ပါ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဘုံကျောင်း၏ ဂေါပကအဖွဲ့ဝင်ဟောင်း ဦးအောင်ကိုလတ်က ပြောကြားသည်။

ဆီများခဲ့သောကြောင့် မြောင်းပိတ်ဆို့မှု ထပ်ဖြစ်ပါက တရားစွဲဆိုကာ ညစာစားပွဲ ကျင်းပခွင့်ကိုလည်း ပိတ်ပင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားခဲ့သည်။

အဆိုပါဘုံကျောင်းတွင် ညစာ စားပွဲများကျင်းပလေ့ရှိရာ လမ်းပိတ်ဆို့မှုများကြောင့် မြို့ခံများ၏ ဝေဖန်မှုကိုလည်းခံနေရသည်။

M-07